Tuesday, April 20, 2010

နှစ်သစ်မှာ လူငယ်များဖြစ်စေချင်တဲ့ဆန္ဒ

ဤသို့ဆုတောင်းရင်း အတွေးတစ်ခု
ဝင်လာပါသည်။ မြန်မာတို့၏ ရိုးရာဓလေ့တွင် ဤသို့ဆုတောင်းလေ့မရှိပါ။
နှစ်ဆန်းတစ်ရက်နေ့တွင် နှစ်ဟောင်းမှ အညစ်အကြေးများ ကင်းစင်သွားစေရန်
ခေါင်းလျော်ခြင်း၊ ခေါင်းလျော်ပေးခြင်း တို့ကိုသာ လုပ်လေ့ရှိပါသည်။
အညစ်အကြေး အဟောင်းများကို သယ်ဆောင်လာပြီးမှတော့ ဘယ်လိုမင်္ဂလာ
ရှိနိုင်ပါမည်နည်း။ ထို့ကြောင့် ဘာတွေဆက်လုပ်ကြမလဲ ဟု မေးသူများအနေဖြင့်
ညစ်ထေးဟောင်းနွမ်းနေသော ဆီသည်မလက်သုပ် အတွေးအခေါ်အမူအကျင့် တွေကို
အရင်ခ၀ါချဖို့ တိုက်တွန်းလိုပါသည်။
ဧပြီလမဆန်းမီ နှစ်ရက်အလိုတွင် NLD ကိုဆက်လက် မှတ်ပုံမတင်ရန်
အများသဘောတူ ကန့်ကွက်သူမရှိ ဆုံးဖြတ်ချက် ချလိုက်ကြပါသည်။ သင်္ကြန်မကျမီ
ရက်သတ္တပတ်အတွင်းတွင် မှတ်ပုံမတင်ခြင်းကြောင့် NLD သည် UG ဖြစ်သွားပြီ။
ဤသို့ဖြစ်ရခြင်းမှာ လေးဦးဂိုဏ်းကြောင့် ဖြစ်ရသည် ဟူသော
အသံများထွက်လာပါသည်။ လေးဦးဂိုဏ်းက UG ဖွဲ့စည်းပုံကို တင်ပြ၍ CEC က
ပယ်ချလိုက်သည်ဟုလည်း ဆိုပြန်ပါသည်။
စွတ်စွဲသူများက "မှတ်ပုံမတင်တာနဲ့ဘဲ UG ဖြစ်သွားရမှာလား။" "အဖွဲ့ချုပ်
ဗဟိုဦးစီး အဖွဲ့ဝင် အများစုကြီးသည် လေးဦးဂိုဏ်းဟု သမုတ်ထားသူ လေးယောက်က
ပြောသမျှယုံပြီး လိုက်ယောင်ကြသတဲ့လား။" ဟူသော အခြေခံယုတ္တိဗေဒ
မေးခွန်းများကို ဖြေရန် စဉ်းစားထားပုံမရပါ။ ထို့ပြင် CEC
ကလက်မခံပယ်ချခဲ့သည့် ဖွဲ့စည်းပုံသည် ဒေါင်လိုက်ဆက်သွယ်ရေး အခြေခံရာမှ
အလျားလိုက်ဆက်သွယ်ရေးကို အခြေခံသော Network Organization ကို ပြောင်းရန်
တင်ပြခဲ့ခြင်းဖြစ်ပါသည်။ ကမ္ဘာပေါ်တွင် ဘယ်မြေအောက်အဖွဲ့ အစည်းသည်
အလျားလိုက်ဆက်သွယ်ရေးကို သုံး၍ လွတ်လွတ်လပ်လပ် ဆက်သွယ်ဆောင်ရွက်ကြပါသလဲ။
ထိုဖွဲ့စည်းပုံကို တင်ပြသည့် အစည်းအဝေးတွင် မူလဗဟိုအလုပ် အမှုဆောင်
ကော်မတီဝင်တစ်ဦးက အဖွဲ့ချုပ်၏ စည်းလုံးညီညွတ်မှုဆိုသည်မှာ အဖွဲ့ချုပ်ကို
ဆက်လက်မှတ်ပုံမတင်ရန် ဆုံးဖြတ်လိုက်သည့်အချိန်က နောက်ဆုံးပင် ဖြစ်သည်။
နောက်ပိုင်းတွင် အဖွဲ့ဝင်တစ်ဦးစီသည် ကိုယ့်ဆုံးဖြတ်ချက်နှင့် ကိုယ်သာ
လွတ်လပ်စွာ လုပ်ကြတော့မည်သာဖြစ်၍ ဘာတွေ ဘယ်လိုလုပ်ရမည်ဟုပြောရန်
အဖွဲ့ချုပ်တွင် တာဝန်မရှိတော့ဟု ဆိုသည်ဟု ကြားရပါသည်။
ဤအချက်သည် အလွန်မှန်ပါသည်။ ကျွန်တော်တို့လူငယ်အဖွဲ့သည် အဖွဲ့ချုပ်မှ
ခွဲခွာခဲ့ကြသည့် အချိန်မှစ၍ မိမိယုံကြည်သမျှ၊ တတ်နိုင်သမျှကို
လုပ်နေခဲ့ကြပါသည်။ ဤသို့လုပ်နေကြ၍လည်း ကျန်နေခဲ့သည့်
လုပ်ဖော်ကိုင်ဖက်များနှင့်လည်း ခင်မင်မှု၊ ဆက်ဆံမှု မပြတ်တောက်ခဲ့ပါ။
အဖွဲ့ချုပ်လုပ်သမျှကိုလည်း ဘာမှ ဝေဖန် ပုတ်ခတ်မနေခဲ့ပါ။ တတ်နိုင်လျှင်
အကူအညီပင် ပေးခဲ့ပါသေးသည်။
ဖွဲ့စည်းပုံအသစ်ကို တင်ပြသူများ၏ ရည်ရွယ်ချက်ကလည်း ဒါပင် ဖြစ်ပါသည်။
မိမိတို့တတ်နိုင်သလောက် အဆက်မပြတ်ကြပါနှင့်။ မိမိတို့ အားလုံး ယုံကြည်သူ
တစ်ဦးတစ်ယောက် တစ်ဖွဲ့ဖွဲ့က ရွေးကောက်ပွဲ ၀င်လျှင်ဝင်နိုင်ပါသည်
ကူညီပါမည်ဟုတော့ ဗြောင်ပြောကြလိမ့်မည်မဟုတ်ပါ ။ဤသည်ကို မမြင်နိုင်ဘဲလျက်
ယုတ္တိကင်းစွာ အပုပ်ချစွတ်စွဲ ချောက်ချလုပ်နေသူများ၏ ခေါင်းထဲတွင်
ချေးတက်နေသော အတွေးအခေါ် အကျင့်အကြံဟောင်းများ ရှိနေဟန်ရှိပါသည်။
တစ်ဘက်ကလည်း ညီညွတ်ရေးကို အရေးတကြီး ပြောနေသူများ အတွက်လည်း
အကြံပြုချင်ပါသည်။ ဘဘဦးဝင်းတင် ပြောသလို ညီညွတ်ရေးဟု ဆိုလျှင်
အနိမ့်ဆုံး အသံညီဖို့လိုပါသည်။ အသံမညှိမီ အချင်းချင်း ပုတ်ခတ်နေသော
အသံများ ငြိမ်သွားဖို့က လိုပါသည်။ ဝေဖန်ရေးကို လိုအပ်ပါသည်။ နာမည်တပ်
ပုတ်ခတ်ခြင်းကို အလိုမရှိပါ။ ကြာလာလျှင် ပြည်သူများကြားမှာ
"တောက်"သွားမှာ ကြောက်ရပါသည်။
နှစ်သစ်တွင် ခေါင်းဆေးမင်္ဂလာပြုကြပါစေ။
စေတနာဖြင့်

ရန်ငြိမ်းအောင်(လူငယ်)

0 comments: