Saturday, February 20, 2010

မိုးကုတ်မြို့လယ်ကို ကုမ္ပဏီကြီးများ သိမ်းပိုက်

မိုးကုတ်မြို့လယ်ရှိ လူနေ ရပ်ကွက်များကို ဖယ်ရှား၍ စစ်အစိုးရနှင့်
နီးစပ်သည့် ကုမ္ပဏီကြီးများက ကျောက်မျက် တူးဖော်သည့် စီမံကိန်း စတင်
နေသည့်အတွက် မြို့ခံများ အထိတ်တလန့် ဖြစ်နေကြသည်။

မိုးကုတ်မြို့ အနောက်ပိုင်း အင်းကောင်းနယ်မြေတွင် နေရာများ သတ်မှတ်ပြီး
စတင် တူးဖော်နေပြီ ဖြစ်ကြောင်း၊ ကုမ္ပဏီများသည် ယခင်က
မိုးကုတ်မြို့ပြင်တွင်သာ တူးဖော်ကြသော်လည်း လူနေရပ်ကွက်အတွင်း
တူးဖော်ခြင်းသည် ပထမဆုံး အကြိမ် ဖြစ်ကြောင်း မိုးကုတ်မြို့ခံတဦး
ဖြစ်သည့် ဦးစိုးမြင့်က ဧရာဝတီသို့ ပြောသည်။

“မြေသယ်ကားတွေ၊ မြေကော်တဲ့ ကားတွေနဲ့ စ တူးနေပြီ၊ လုပ်ငန်းတော့
အတော်ကြီးတယ် အိမ်တွေ ရွှေ့ရမယ်လို့ ပြောနေတယ်” ဟု ၎င်းက ဆိုသည်။

ပြီးခဲ့သည့် တပတ်ခန့်က ရွှေဘုံသာအင်းရပ်ကွက်၊ ပိတ်စွယ်ရပ်ကွက်တို့တွင်
ကုမ္ပဏီမှ တာဝန်ခံများ၊ နယ်မြေခံ အာဏာပိုင်များ၊ မြေစာရင်းဦးစီး ဌာန၊
ကျောက်မျက်တူးဖော်ရေးဌာနမှ တိုင်းတာရေးအဖွဲ့ဝင်များသည် မြေတိုင်း
ထွာမှုများ ပြုလုပ်ခဲ့ကြောင်း ဦးစိုးမြင့်က ပြောသည်။

ကျောက်မျက် လုပ်ကွက်များ လုပ်ပိုင်ခွင့် ရရှိသည့် ကုမ္ပဏီကြီးများထဲတွင်
လုပ်ငန်းရှင်ကြီး ဦးတေဇ၏ ထူးကုမ္ပဏီ၊ ပအိုဝ်းအမျိုးသား အဖွဲ့ချုပ်(PNO) ၏
ပတ္တမြား နဂါးကုမ္ပဏီတို့ ပါဝင်သည်ဟု မိုးကုတ်မြို့ခံတချို့က ပြောသည်။

ကျောက်မျက် ရောင်းဝယ်ရေးကိုသာ အဓိကထား၍ လုပ်ကိုင်နေရသည့် ဒေသခံများ
နေရာသစ်သို့ ပြောင်းရွှေ့ရလျှင် စားဝတ်နေရေး ပိုမိုခက်ခဲမည်ဟု
မိုးကုတ်မြို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးလှဦးက ပြောသည်။

“ကျောက်တူးတာ တနိုင်တပိုင် လုပ်မရတော့တဲ့ အပြင် အခုထပ်ပြီး နေရာပါ
ပြောင်းရမယ် ဆိုတော့ စားဝတ်နေရေး လုပ်ဖို့ မလွယ် တော့ဘူး” ဟု ၎င်းက ပြောသည်။

စစ်အစိုးရအပေါ် အမေရိကန် ပြည်ထောင်စု၏ ကျောက်မျက်ရတနာတင်သွင်းခွင့်
ပိတ်ပင်မှု ဥပဒေ ထွက် ပေါ်ပြီး နောက်တွင် အရောင်း အ၀ယ် ကျဆင်းသွားခြင်း၊
တနိုင်တပိုင် တူးဖော်ခွင့် မရရှိခြင်းတို့ကြောင့် မြို့ခံ အများအပြားသည်
စိုက်ပျိုးရေး လုပ်ငန်းကို ပြောင်းလဲ လုပ်ကိုင်ကြကြောင်း၊
အခြားဒေသများသို့ ပြောင်းရွှေ့ အခြေချသူလည်း ပိုမို များပြားလာကြောင်း
ဦးလှဦးက ဆိုသည်။

ယခင်အစိုးရများ လက်ထက်က အရပ်သားများ တနိုင်တပိုင်
ကျောက်မျက်တူးဖော်ခွင့် ရခဲ့သော်လည်း စစ်အစိုးရ လက်ထက်တွင်
ကုမ္ပဏီကြီးများသာ တူးဖော်ခွင့် ရနေသည်။

ယခုကဲ့သို့ စစ်အစိုးရက ၎င်းတို့နှင့် နီးစပ်သည့် လုပ်ငန်းရှင်ကြီးများကို
စီးပွားရေးလုပ်ပိုင်ခွင့်များ ပေးနေခြင်းမှာ လာမည့် ရွေးကောက်ပွဲအတွက်
မဲဆွယ်စည်းရုံးသည့် လုပ်ငန်းများ ဖြစ်သည့် သောက်သုံးရေ ရရှိရေး၊ ဆေးရုံ၊
ကျောင်း၊ လမ်း တည်ဆောက်ရေး လုပ်ငန်းတို့တွင် လုပ်ငန်းရှင်ကြီးများ၏
ငွေကြေးကို သုံးစွဲနေသည့် အတွက် အပြန်အလှန်အားဖြင့် လုပ်ပိုင်ခွင့်များ
ချပေးခြင်း ဖြစ်သည်ဟု ပြည်တွင်းအခြေစိုက် စီးပွားရေး ပညာရှင်တဦးက
သုံးသပ်သည်။

မကြာသေးမီကလည်း စစ်အစိုးရသည် နိုင်ငံပိုင်စီးပွားရေး လုပ်ငန်းများ
ဖြစ်သည့် ရေအားလျှပ်စစ်၊ လောင်စာဆီ တင်သွင်း ရောင်းချမှု၊ ရန်ကုန်မြို့ရှိ
ဆိပ်ကမ်းကြီးများ စသည်တို့ကို ၎င်းတို့နှင့် နီးစပ်သည့် စီးပွားရေး
လုပ်ငန်းရှင်များကို လွှဲပြောင်း၍ လုပ်ကိုင်ခွင့် ပေးခဲ့သည်။

မိုးကုတ်နယ်မြေမှ ပတ္တမြား၊ နီလာနှင့် ပြောင်ခေါင်းစိမ်း စသည့် အဖိုးတန်
ကျောက်မျက် ရတနာများ ထွက်ရှိပြီး၊ မိုးကုတ်ပတ္တမြားသည် ကမ္ဘာပေါ်တွင်
အရည်အသွေး အကောင်းဆုံးဖြစ်သည်။


ဧရာဝတီ အင်တာနက်စာမျက်နှာမှ ကူးယူဖော်ပြသည်။

2 comments:

naw said...

True is true and nobody cann't change it.it is really stories and the rubyland is gone now and the people will got much trouble.so i wish for them and i always pray to god and will ask who much u will test our life ?it's only left and may be it's will gone soon....

nay said...

မိုးကုတ်မှာဒီအဖြစ်တွေပဲ အမှန်တွေပါပဲ သူတို့နဲ့အကျိုးတူလုပ်ကြတဲ့ သူတွေက တော့ ကောင်းနေတာပေါ့တနိုင်တပိုင်သမားတွေကတော့မလုပ်နိုင်ကြတော့ဘူး လူငယ်တွေဆိုလည်းလမ်းဘေးမှာကြီးပဲ