ခက်ခဲသောသူများနှင့် ညှိနှိုင်းခြင်း
Negotiating with difficult people
အမှာစာ
“ညှိနှိုင်းဆွေးနွေးခြင်းဆိုသည်မှာ နေ့စဉ်ရင်ဆိုင်ကြရသည့်ကိစ္စဖြစ်သည်” ဟူ၍ဤစာတမ်းကို အစချီထားပါသည်။ နိုင်ငံ၏ ပြဿနာများကို ယဉ်ကျေးညင်သာသော နိုင်ငံရေးနည်းများဖြင့် ဖြေရှင်းလိုသူမှန်သမျှတို့သည် တွေ့ဆုံညှိနှိုင်းခြင်းနည်းလမ်းကို တန်ဖိုးထားအားကိုးကြသည် သာဖြစ်ပါသည်။ ထို့ကြောင့် ဤစာတမ်းသည် ဂုဏ်သိက္ခာရှိ၍ အဆင့်မြင့်သည့်နိုင်ငံရေးလုပ်လို သူများအတွက်များစွာမှ အထောက်အကူပြုနိုင်မည်ဟု ယုံကြည်ပါသည်။
တဖက်ကသဘောတူညီမှုယူလိုသော်လည်း တဖက်ကငြင်းဆန်လျှင် ဘာလုပ်ရမည် နည်းစသော ပြဿနာများကို ဤစာတမ်းတွင် ဆွေးနွေးအဖြေရှာထားပါသည်။ “တဖက်လူသ ဘောပေါက်အောင်လုပ်ပါ၊ဒူးထောက်အောင်မလုပ်ပါနှင့်” စသော ပညာသားပါလှသည့် လုပ် ကိုင်နည်းမျိုးကို အကျယ်တ၀င့်တင်ပြထားပါသည်။
နိဂုံးတွင် “ဆန့်ကျင်သူကို မိတ်ဖက်အသွင်ပြောင်းခြင်း” ဟူသောခေါင်းစဉ်ဖြင့် ဖြေရှင်း ၍မရသကဲ့သို့ရှိနေသော ပြဿနာများကို ရှုထောင့်သစ်မှ ကြည့်၍ ဖြေရှင်းနည်းရှာနိုင်ပုံကို ရှင်း ပြထားပါသည်။
ကျွန်မတို့နိုင်ငံအနေနှင့်လည်းကောင်း၊ ကျွန်မတို့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေ ဖြင့်လည်းကောင်း၊ လက်ရှိရင်ဆိုင်နေရသော အခက်အခဲများကိုတွေ့ဆုံဆွေးနွေးညှိနှိုင်းခြင်း ဖြင့်သာကျော်လွှားနိုင်မည်ဟု ခိုင်မာစွာ ယုံကြည်ပါသည်။ သို့ဖြစ်ပါ၍ ဆွေးနွေးညှိနှိုင်းခြင်း၏ အနှစ်သာရနှင့် အကျိုးအမြတ်တို့ကို စေငှစွာနားလည်သဘော်ပေါက်စေနိုင်မည့် ဤစာတမ်းကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အဖွဲ့ဝင်များနှင့် ဒီမိုကရေစီကို ချစ်မြတ်နိုးတန်ဖိုးထားသူများအား လုံးသေချာစွာ ဖတ်ရှုလေ့လာကြပါရန် တိုက်တွန်းအပ်ပါသည်။
ဒေါ်အောင်ဆန်းစုကြည်
အထွေထွေအတွင်းရေးမှူး
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
ဖြန့်ကြက်ကြည့်ရှုခြင်း
ခက်ခဲသူများနှင့်ဆွေးနွေးညှိနှိုင်းခြင်း
သံတမန်ပရိယာယ်ဆိုသည်မှာ သင်လုပ်လိုသည့် အလုပ်ကို တဖက်သားအားလုပ်ခွင့်ပေးလိုက် ခြင်းပင်ဖြစ်၏။ အီတလီသံတမန် ဒန်နီရယ်ပါး
ညှိနှိုင်းဆွေးနွေးခြင်းဆိုသည်မှာ နေ့စဉ်ရင်ဆိုင်နေကြရသည့်ကိစ္စဖြစ်သည်။ မနက်လက်ဖက်ရည် သောက်နေစဉ် သင်ကဖိနပ်တရံဝယ်ဖို့လိုအပ်နေပြီဟုဆိုသည်၊ ဇနီးသည်က ဒီလတော့အကုန်အကျတွေများနေပြီ မ၀ယ်ပါနဲ့ဦးဟု ဆိုသည်။
ရုံးကိုရောက်သည့်အခါ မိမိကသေသေချာချာ အချိန်ယူ၍ပြင်ဆင်ထားသော တင်ပြချက်ကို အထက်အ ရာရှိက ခေါင်းစဉ်လောက်ကို ဖတ်ကြည့်ပြီး ပယ်ချလိုက်သည်။ အလားတူကိစ္စရပ်များကို လူတိုင်းကြုံဖူးကြသည် သာဖြစ်သည်။ ကျွန်တော်တို့သည် တချိန်မဟုတ်တချိန် တနည်းမဟုတ်တနည်း ကတ်သတ်ခဲကတ်သောသူများ နှင့် ဆက်ဆံပြီး ညှိနှိုင်းတိုင်ပင်ကြရမည်သာဖြစ်သည်။ ကတ်သတ်ခဲကတ်သောသူများဟုဆိုရာ၌သာမန်အခြေအ နေတွင် သဘောကောင်းလိုက်လျောတတ်သူတို့သည်ပင် ကျပ်တည်းသောအခြေအနေတွင် စိတ်တိုပြီး လက် ပေါက်ကတ်သူများ ဖြစ်သွားတတ်သည်ကို သတိပြုသင့်သည်။
တကယ့်ကို ခက်ခဲသောအခြေအနေများလည်း ရှိတတ်ပါသည်။ သင့်စကားကို လုံးဝနားမထောင်ဘဲသူ ပြောလိုရာပြောနေသူနှင့် မည်သို့ဆွေးနွေးရမည်နည်း။ သူလိုချင်သည့်အချက်မရလျှင် စိတ်ဆိုး၊ စိတ်ကောက် တတ်သူနှင့် ဘာဆက်လုပ်သင့်သနည်း။ ငါပြောသလိုလုပ် မလုပ်နိုင်ရင်သွားတော့ဟုဆိုနေလျှင် တကယ်ပဲထပြန် ရတော့မလား။
သို့မဟုတ် ဆွေးနွေးနေစဉ် တလျှောက်လုံး သင်ပြေသမျှကို ကြားဖောက်ပြီး နှောက်ယှက်တတ်သူများ၊ သင့်ကို စိတ်မချရ အရည်အချင်းမမီဟု စွပ်စွဲနေသူများ။ ဆွေးနွေးနေရသည်ကိုပင် သင့်အပြစ်ကြောင့်ဖြစ်သည်ဟု ထင်အောင်လုပ်နေသူများ၊ သင်ကသာအလျှော့မပေးလျှင်တော့ ပြဿနာအကြီးအကျယ်တက်ပြီဟု ခြိမ်းခြောက် နေသူများကို မည်သို့ကိုင်တွယ်ရမည်နည်း။
အချက်အလက်အမှားများ (သို့မဟုတ်) လိမ်လည်ထားသော အထောက်အထားများကိုသုံးနေသူ၊ သဘောတူညီချက်တခုခုရခါနီးမှ မဖြစ်နိုင်သောတောင်းဆိုချက်များကို တင်ပြလာသူ၊ အဓိပာယ်မရှိအချိန်ဆွဲသူ (သို့မဟုတ်) ဆွေးနွေးရန်ကိုပင် မျက်စိမှိတ်ပြီးငြင်းဆန်နေသူများနှင့် မည်သို့ဆွေးနွေးရပါမည်နည်း။
သဘောတရားများအရဆိုလျှင်တော့ သင်တို့သည် အခြားတဖက်လူ၏ လိုအပ်ချက်များ၊ စိုးရိမ်ပူပန်မှုများ အကျိုးစီးပွားများကို ရှာဖွေဖေါ်ထုတ်ကြမည်။ ထို့နောက် နှစ်ဖက်အကျိုးရှိနိုင်မည့် အလားအလာများကို ၀ိုင်းဝန်း စဉ်းစားကြမည်။ ထို့နောက် နှစ်ဦးနှစ်ဖက်လက်ခံနိုင်သည့် သဘောတူညီချက်တခုကို ရှာဖွေဖေါ်ထုတ်ကြမည်။ ဤ သည်မှာ တွေ့ဆုံဆွေးနွေးအဖြေရှာခြင်းတို့၏ အနှစ်သာရဟုဆိုကြသည်။
သို့သော် သင့်တဖက်လူသည် ဤသို့သောပုံစံမျိုးကို စိတ်မ၀င်စားဘူးဆိုလျှင်ဘယ်လိုလုပ်မည်နည်း။ သင်ကတော့ သဘောတူညီချက်တခုကို လိုချင်သည်။ သူက “ဟင့်အင်း” ဟုသာ တွင်တွင်ငြင်းဆန်နေပြီဆိုလျှင် ဘာလုပ်မည်နည်း။
စိန်ခေါ်ချက် - ၅ ခု
“ဟင့်အင်း” ကိုကျော်ဖြတ်လိုလျှင် “ဟင့်အင်း” ၏နောက်ကွယ်တွင် ဘာရှိနေသည်ကို သိအောင်လုပ်ရမည်။ မျက်စိမှိတ်၍ ငြင်းဆန်နေခြင်း၊ တိုက်ခိုက်စော်ကားခြင်း၊ ကောက်ကျစ်ခြင်းတို့သည် တဖက်လူ၏ ပင်ကိုယ်ဗဇပင် ဖြစ်သည်ဟု ခပ်လွယ်လွင် စွပ်စွဲရန်မသင့်ပါ။ ထိုသို့ပြုမူတတ်သော အကျင့်တို့၏ နောက်တွင်မည်သို့သော စေ့ဆော်ချက်များရှိသည်ကိုသိနိုင်လျှင် သူ့အမူအကျင့်များကိုလည်း ပြောင်းပစ်နိုင်ပါသည်။
သူကစော်ကားတိုက်ခိုက်နေခြင်းသည် သူစိတ်ဆိုးရန်လိုနေခြင်းကြောင့်ဖြစ်နိုင်သည်။ သူကအလျော့ အ တင်းမရှိခြင်းသည် သူကြောက်ရွံ့နေသောကြောင့်ဖြစ်နိုင်ပါသည်။ ထို့အပြင်သူက ဤနည်းကလွဲလျှင် အခြားဘာ မှမသိသောကြောင့်ဤသို့ ကတုတ်ကျင်းထဲ့ဝင်၍ ပိတ်ဆို့ခုခံနေခြင်းလည်းဖြစ်နိုင်ပါသည်။
သူကလေးဘ၀က ဆော့ကစားရင်းတတ်ခဲ့သော ဆွေးနွေးညှိနှိုင်းသည့်နည်းအတိုင်း လိုက်နာနေသည် လည်းဖြစ်နိုင်သည်။
လက်မြှောက်အရှုံးပေးခြင်းမှလွဲလျှင် ဇွတ်ပေ၍ တိုက်ခိုက်နေခြင်းတခုသာ ရှိသည်ဟု သူနားလည်ထားပုံ ရပါသည်။
အကယ်၍ ပူးပေါင်းညှိနှိုင်းအဖြေရှာ၍ရနိုင်သည်ဟု သူကသဘောပေါက်ထားလျက်နှင့် သူ့အတွက်အ ကျိုးမရှိဟုထင်လျှင် သူကငြင်းပယ်မည်သာဖြစ်သည်။ အကယ်၍သူက သူ၏အကျိုးစီးပွားကို အာမခံနိုင်သည်ဟု ဆိုဦးတော့ သူ၏ လက်ရှိအခြေအနေမှ နောက်ဆုတ်ရခြင်းဖြင့် မျက်နှာပျက်မခံလိုဘဲရှိတတ်သည်။ ထို့ပြင် ညှိနှိုင်း စေ့စပ်ဆွေးနွေးရန်အကြံသည် သင့်ထံကစည်ဆိုပါက ထိုအချက်( သင်ကစတင်ခဲ့သည်ဆိုသည့်အချက်) ကြောင့် ပင် သူကတမင်ပယ်ချတတ်ပါသေးသည်။
ဆွေးနွေးပွဲများ၏ ရလဒ်တွင် နိုင်သူနှင့်ရှုံးသူဟူ၍သာရှမည်ဟု သူကသတ်မှတ်ထားပြီးငါသည် နိုင်ကိုနိုင် ရမည်ဟု ဆုံးဖြတ်ထားခြင်းလည်းဖြစ်နိုင်သည်။ သို့မဟုတ် မိမိကိုယ်မိမိ အင်အားရှိလှပြီဟုသတ်မှတ်ထားပြီး အ ဘယ်ကြောင့်ဆွေးနွေးရမည်နည်းဟု ထင်နေခြင်းလည်းဖြစ်တတ်သည်။ “ ငါ့ဘက်ကတော့တပြားသားမှအလျော့ မပေးနိုင်၊ မင်းတို့ဘယ်လောက်လျှော့နိုင်မလဲ” ဟူသောခံယူချက်မျိုးလည်းရှိတတ်ကြပါသည်။
ဤသို့သော အခြေအနေများကို ကျော်လွန်နိုင်ရန် အချက် ငါးချက်ကို ကျော်ဖြတ်ရပါမည်။
(၁) သူ၏ ဆိုးရွားသောခံစားချက်များ
(၂) သူ့ဝသီဓလေ့အကျင့်များ
(၃) တွေ့ဆုံဆွေးနွေးခြင်း၏ ရလဒ်များအပေါ် သူ၏ အဆိုးမြင်ဝါဒ
(၄) သူ့ကိုယ်သူအထင်ကြီးနေခြင်း
(၅) သင်၏ပြန်လည်တုန့်ပြန်လိုမှု
တို့ဖြစ်ကြသည်။
ပထမ အရေးအကြီးဆုံးအချက်မှာ သင်ကပြန်မတုံ့ပြန်မိဖို့ဖြစ်သည်။ “သူကတောင် စော်ကားမော်ကား လုပ်နေသေးတာ ငါကပြန်ချလိုက်မယ်” ဟူသော အတွေးမျိုးမ၀င်မိဖို့ဖြစ်သည်။ မိမိ၏ အပြုအမူများကိုထိန်းရန်လို ပါသည်။ ပြန်လည်တုန့်ပြန်မည့်အစား မိမိ၏ စိတ်ကို တည်ငြိမ်အောင်ထား၍ ဦးတည်ချက်မျက်ခြည်မပြတ်စေရန် လိုပါသည်။
ဒုတိယအချက်မှာ တဖက်လူ၏ သဘောထားဆိုးများကို ပပျောက်စေဖို့ဖြစ်သည်။ သူ၏ ကြောက်ရွံ့မှု နှင့် ရန်လိုမှုတို့ကို ပပျောက်စေရန်မှာ သူ၏ အကာအကွယ်များကို ဖောက်ထွင်း၍ သူနားထောင်အောင်ပြောနိုင်ဖို့လို သည်။
တတိယအချက်မှာ ကစားကွက်ပြောင်းဖို့ဖြစ်သည်။ သူ၏လုပ်နေကျ လှည်ဖျားမှုများ၊ စော်ကားတိုက် ခိုက်မှုများ၊ ဇွတ်ငြင်းတတ်မှုများကို လမ်းကြောင်းပြောင်းပေးရမည်ဖြစ်သည်။ ယခင်လုပ်ရပ်များကိုရပ်ဆိုင်း၍ နှစ်ဦးနှစ်ဖက်အကျိုးရှိစေမည့် နည်းလမ်းများကို ရှာဖွေကြရန်ဖြစ်၏။
စတုတ္ထအချက်မျာ နှစ်ဖက်စလုံးကလိုက်လျောခြင်းဖြင့် တဦးနှင့်တဦး ကွာဟချက်များ ကျဉ်းမြောင်းသွား အောင်လုပ်ရန်၊ သူ့ဖက်က လိုက်လျောရခြင်းဖြင့် သူ့မျက်နှာမပျက်စေရန် သို့မဟုတ်ရရှိလာမည့် သဘောတူညီ ချက်သည် သူ့အတွက် အောင်မြင်ခြင်းတရပါအဖြစ် မြင်လာစေရန်လုပ်ပေးဖို့ဖြစ်သည်။ တနည်းအားဖြင့် သဘော တူရလွယ်စေခြင်းပင်ဖြစ်သည်။
သင့်တဖက်လူသည်အင်အားကိုသုံးခြင်းဖြင့် အနိုင်ရနိုင်သည်ဟု ဆက်လက်ယုံကြည်နေဆဲဖြစ်နိုင်သည်။ ထိုအခါ သင်ကလည်း သင်၏အင်အားကိုအသုံးချရမည်ဖြစ်၏။ သို့သော် ထိုသို့အသုံးချခြင်းဖြင့် သူနှင့်သင် ရန်သူ ဖြစ်မသွားဖို့ကို သတိထားရမည်ဖြစ်သည်။ ထို့ကြောင့် နောက်ဆုံးအချက်မှာ သူငြင်းပယ်ရန်ခက်သည့်အခြေအနေ ကိုဖန်တီးဖို့ဖြစ်သည်။
ထိုးဖောက်ကျော်ဖြတ်ခြင်းမဟာဗျူဟာ
ဤစာတမ်းတွင် အထက်တွင်ဖေါ်ပြခဲ့သော စိန်ခေါ်ချက်ငါးခုကို ကျော်လွှားနိုင်မည့် ထိုးဖောက်ကျော် ဖြတ်ဆွေးနွေးခြင်းဆိုင်ရာ မဟာဗျူဟာကို ဆက်လက်ဆွေးနွေးသွားပါမည်။ အဆင့်ဆင့်ဆောင်ရွက်သွားမည်ဆို ပါက မျက်နှာချင်းဆိုင်ထိပ်တိုက်တွေ့ရမည့် အခြေအနေမှ ပခုံးချင်းယှဉ်၍ ပြဿနာဖြေရှင်းရသည့် အခြေအနေကို ရောက်သွားစေလိမ့်မည်။ သတိပြုရမည်မှာ မည်သည့်နည်းလမ်းမှ အောင်မြင်မှုကို မုချရစေမည်ဟုတာဝန်မခံနိုင် ခြင်းပင်ဖြစ်သည်။
ဤမဟာဗျူဟာသည် အလိုလိုသိဥာဏ်နှင့် ဆန့်ကျင်ဖက်ဖြစ်သည်။ ဆိုလိုသည်မှာ ခက်ခဲသော အခြေ အနေတွင် သင်ကသဘာဝအတိုင်းတုံးပြန်မည့် လမ်းကြောင်းနှင့် ဆန့်ကျင်ဘက်ကိုလုပ်ရန်လိုလိမ့်မည်။
တဖက်လူကသင့်ကို တိုက်ခိုက်လာမည် သို့မဟုတ် သင့်ကမ်းလှမ်းချက်များကို ပိတ်ဆို့ထားမည်ဆိုပါက လူ့သဘာဝအရ သင်ကလည်း သူ့လိုပင် တုံ့ပြန်လိုမည်သာဖြစ်သည်။ သူက သူ့အနေအထားမှ တပြားမှမလျော့ နိုင်ဟုဆိုလျှင် သင်ကလည်းဖိအားပေးချင်မည်။ ဤသို့ဖြင့် တဖက်သား၏ ခုခံမှုကို ချေဖျက်ရန်ကြိုးစားရင်းပို၍ပို၍ ဆိုးရွားသောခုခံမှုနှင့် ရင်ဆိုင်လာရတတ်သည်။
ထိုးဖောက်ကျော်ဖြတ်ခြင်းမဟာဗျူဟာ၏ အနှစ်သာရမှာ သွယ်ဝိုက်ဆောင်ရွက်ခြင်းဖြစ်သည်။ သင်က တဖက်လူ၏ ခုခံမှုကို ဝှေ့ရှောင်သွားရန်ဖြစ်သည်။ အကြံဥာဏ်အသစ်အဆန်းကို ရိုက်သွင်းမည့်အစား သူ့ဘာသာ သူ စဉ်းစားမိလာအောင်ဆောင်ရွက်ပါ။
သူ့ကိုသာဆောင်ရွက်ရမည်ဟု ပြောမည့်အစား သူ့ဘာသာသူတွေးခေါ်လာပါစေ။ သူ့အတားအဆီးများ ကို သင်က ချေဖျက်ဖို့ကြိုးစားမည့်အစား သူ့ဘာသာသူ ဖောက်ထွက်လာပါစေ။ အချုပ်ဆိုရလျှင် ထိုးဖောက် ဆွေး နွေးခြင်းမဟာဗျူဟာဆိုသည်မှာ သင်၏ နည်းလမ်းတို့ကို တဖက်လူကို အသုံးချစေခြင်းဖြစ်သည်။
ဤမဟာဗျူဟာကို နေရာတိုင်းတွင်သုံးနိုင်ပါသည်။ စစ်ပွဲတခုကို ပြေငြိမ်းအောင်ဆောင်ရွက်နေသော သံ တမန်များမှအစ လင်နှင့်မယား အိမ်မှုပြဿနာကို ဆွေးနွေးပွဲအဆုံး အသုံးချ၍ ရနိုင်ပါသည်။
အဆင့် (၁)
မတုံ့ပြန်ပါနှင့် ( ပြန်မချပါနှင့်)
ပွဲကြည့်စင်မြင့်ပေါ်ကိုသွားလိုက်ပါ
စိတ်ဆိုးနေတုန်းစကားပြောလျှင် နောင်ခါ၌ နောင်တအကြီးအကျယ်ရမည့် အကောင်းဆုံးသောမိန့်ခွန်းကို ပြောမိပါလိမ့်မည်။ (အမ်းဗရိစ့် ဘီးယားစ်)
မိမိပတ်ဝန်းကျင်မှ တွေ့ဆုံဆွေးနွေးမှုများကို စောင့်ကြည့်လျှင်ပါဝင်ဆွေးနွေးနေသူတို့ တဦးနှင့်တဦး မဆင်မချင် တုံ့ပြန်နေပုံကို အများအပြားတွေ့ရပါလိမ့်မည်။ တွေ့ဆုံဆွေးနွေးမှုအများကို အောက်ပါအတိုင်းတွေ့ရ မည်။
ခင်ပွန်း (ပြဿနာ၏ သော့ချက်ကိုတွေ့ရှိပြီဟုယူဆကာ) “ တို့အိမ်တော့အားလုံး ရှုပ်ပွနေတာပဲ တစ်ခုခုလုပ်ကြ မှဖြစ်မယ်။”
ဇနီး (မိမိအားတိုက်ရိုက်ထိခိုက်သည်ဟုယူဆပြီး) “ ရှင်ကဘာတခုမှ လက်ဖျားနဲ့မတို့ဘဲနဲ့ ရှင်တာဝန်ယူထား တာတွေတောင် တခုမှ မလုပ်သေးဘူးမဟုတ်လား မနေ့ညကဆို ....”
ခင်ပွန်း (ဖြတ်၍) “ ငါသိပါတယ်ကွာ၊ ဆိုလိုတာက ....”
ဇနီး (နားမထောင်ဘဲ) “ အမှိုက်ကားလာရင် ပေးပါမယ်ဆိုပြီး ဒီမနက်မှ ကျမပဲလုပ်လိုက်ရတယ်”
ခင်ပွန်း (ပြဿနာအရင်းကိုပြန်ဖေါ်ရင်း) “ မင်းအပြစ်ကိုမင်းသိပ်ဖုံးမနေနဲ့ ကိုယ်ဆိုလိုတာက တို့နှစ်ယောက်စ လုံး”
ဇနီး (နားမထောင်ဘဲ) “ နောက်ပြီး ဒီနေ့ကလေးတွေ ကျောင်းသွားပို့ဖို့က ရှင့်အလှည့်......”
ခင်ပွန်း (ခံရခက်ပြီး)“ အဲဒါလား၊ ဒီမနက်အစည်းအဝေးရှိတယ်လို့ငါပြောထားသားပဲ ”
ဇနီး (အော်၍) “ ဟုတ်တာပေါ့ ရှင့်အချိန်က ကျုပ်အချိန်ထက်ပိုပြီးတန်ဖိုးကြီးသကိုး၊ ကျုပ်ကဒီမိသားစုမှာ နေရာတိုင်း နောက်တန်းကချည်းပဲ။ စိတ်ကုန်တယ်ရှင့် စိတ်ကုန်တယ်”
ခင်ပွန်း (ပြန်၍အော်ရင်း) “ အော်ဟုတ်လား။ ဒီအိမ်မှာ ဘယ်သူကပိုက်ဆံရှာနေတယ်ဆိုတာလဲသတိရပါဦး”
အထက်ပါ အပြန်အလှန်အော်ဟစ်ငြင်းခုန်မှုကြောင့်၊ ခင်ပွန်းသည်အလိုရှိသော အိမ်သန့်ရှင်းရေးအတွက် ရော ဇနီးသည်အလိုရှိသော အိမ်ကိစ္စအကူအညီရရေးအတွက် ပါမည်သို့မျှအကျိုးမရှိခဲ့ပေ။
သက်ရောက်မှုတခုက တုံ့ပြန်မှုတခုကိုဖြစ်ပေါ်စေ၍ ယင်းကတဖန်တန်ပြန်တုံ့ပြန်မှုကို ဖြစ်ပေါ်စေပြန် သည်။ ဤသို့ဖြင့်အငြင်းပွားမှုသည် အဆုံမရှိဆက်လက်ဖြစ်ပေါ်နေသည်။ အလုပ်သမားသမဂ္ဂနှင့် အုပ်ချုပ်ရေး ဆိုင်ရာဝန်ထမ်းများသည် လုပ်ငန်းစည်းကမ်းများနှင့် ပတ်သတ်၍ အငြင်းပွားကြသောအခါ သို့မဟုတ် လူမျိုးစုများ သည် နယ်မြေနှင့်ပတ်သတ်၍ စစ်ခင်းကြသောအခါ အထက်ပါပုံစံကို ထပ်ခါထပ်ခါတွေ့မြင်ရတတ်သည်။
(က) သဘာဝတုံ့ပြန်မှု သုံးမျိုး
လူဆိုသည်မှာ တုံ့ပြန်မှုယန္တရားများဖြစ်၏။ ထို့ကြောင့် အခက်အခဲတခုခုနှင့်ရင်ဆိုင်ရသောအခါ ဘာမှ စဉ်းစားမနေအားတော့ဘဲ တုံ့ပြန်ခြင်းမှာ သဘာဝပင်ဖြစ်၏။ အတွေ့ရအများဆုံး တုံ့ပြန်မှုသုံးမျိုးမှာ အောက်ပါအ တိုင်းဖြစ်သည်။
(က - ၁) ပြန်၍ထိုးနှက်ခြင်း
တစုံတယောက်က မိမိအားတိုက်ခိုက်လာသောအခါ ဇာတိစိတ်အရ တုံ့ပြန်မှု တခုဖြစ်ပေါ်၍ ယင်းမှာထို သူအားပြန်လည်တိုက်ခိုက်ခြင်းဖြစ်သည်။ ထိုသူအား ထိထိမိမိ အကြောင်းသိသွားအောင် အမောက်ထောင်ပြရန် ဖြစ်သည်။ သူကစွာသလောက် ကိုယ်ကပြန်စွာရန်ဖြစ်သည်။
တခါတရံ ဤသို့ထပ်တူထပ်မျှ ပြန်၍စွာပြခြင်းခံရသောကြောင့် တဖက်လူသည်( နောက်ဆုတ်သွား) ငြိမ် ကျသွားလိမ့်မည်။ သို့ရာတွင် အခါများစွာတွင် ဤနည်းကြောင့်သင်လည်းအကျိုးမရှိသော၊ တန်ဖိုးကြီးမားသော ရင်ဆိုင်မှုကို ကြုံရတတ်သည်။ အကျိုးမဲ့သော အပြုအမူ တခုပြုလုပ်စေရန် သူ့ကိုအားပေးရာရောက်သွားစေနိုင် သည်။ သူ့ကိုယ်သူလည်း “ အင်းမင်းငါ့ကို ရန်လိုနေတယ်လို့ ငါယူဆထားတာ ဒါက သက်သေပြနေတာပဲ” ဟု သေချာစိတ်ချသွားလိမ့်မည်။ ထို့နောက်တွင်မူ အချီအချ အော်ဟစ်ဆူပူမှု၊ ကလော်မှု၊ စိန်ခေါ်မှု၊ တရားတဘောင် ဖြစ်မှုနှင့် နောက်ဆုံးစစ်ကြေညာမှုတို့ကို တဆင့်ပြီးတဆင့် ဆက်တိုက်ဖြစ်ပေါ်လာလိမ့်မည်။
တုံ့ပြန်မှုသည် သင်၏လက်ငင်းလိုလားချက်များကို အကျိုးဖြစ်စေသည့် အကြိမ်နည်းပါးသကဲ့သို့ ရေရှည် ဆက်ဆံမှုများကိုလည်း အများအားဖြင့် ပျက်စီးစေတတ်ပါသည်။ တနည်းအားဖြင့်ဆိုရသော် သင့်အဖို့ စစ်ပွဲ (ငယ်) တပွဲကိုပင် အနိုင်ရလိုက်သော်လည်း စစ်ကြီးတခုလုံးကို ရှုံးရသကဲ့သို့ရှိပါသည်။
တုံ့ပြန်ခြင်းနှင့်ပတ်သတ်သည့် နောက်ပြဿနာတခုမှာ နှစ်ဖက်စလုံးသည် အရည်အချင်းတူသူများဖြစ်ပြီး အတိုက်အခိုက် အတို့အထောင်ကျွမ်းကျင်သူများဖြစ်နေတတ်သည်။ မူလကပင် သင်ကသူတို့အား တုံ့ပြန်တိုက် ခိုက်ရန် မျှော်လင့်ထားကောင်းထားခဲ့ကြပေလိမ့်မည်။ မိမိကသူတို့ကို ပြန်၍ တိုက်ခိုက်သည်နှင့်တပြိုင်နက် သူတို့ ၏ အကွက်ထဲဝင်မိရက်သားဖြစ်လိမ့်မည်။
(က-၂) အလျှော့ပေးခြင်း
ပြန်လှန်တိုက်ခိုက်မှု၏ ဆန့်ကျင်ဘက်မှာ အလျှော့ပေးခြင်းဖြစ်သည်။ သင်၏တဖက်လူကြောင့်ဆွေးနွေး ပွဲတွင် များစွာ ကသိကအောက်ဖြစ်ကာ ပွဲပြတ်သွားစေရန် အလျှော့ပေးရခြင်းများလည်းရှိနိုင်ပါသည်။ သူကသ ဘောတူညီမှုမရခြင်းသည် သင့်ကြောင့်ဖြစ်သည်ဟု အဓိပာယ်ပေါက်သည်အထိ ဖိအားပေးလာနိုင်ပါသည်။ဆွေး နွေးပွဲတာရှည်လာခြင်း၊ ဆက်ဆံမှုပျက်ပြားခြင်း၊ ရသမျှ အခွင့်အလမ်းအားလုံးဆုံးရှုံးခြင်းတို့အတွက် လုံးဝတာ ၀န် ရှိသည်ဟုဆိုလျှင် သင်လက်ခံနိုင်မည်လား၊ အလျှော့ပေးလိုက်ခြင်းက ပို၍ကောင်းသည်ဟုထင်သွားတတ်သည်။
ကျွန်ုပ်တို့သည် သဘောတူညီချက်များပြုလုပ်ပြီးနောက်နေ့တွင် “ငါ့နှယ့်နော် ဘာ့ကြောင့်များ ဒီလောက် တုံးခဲ့ပါလိမ့်၊ ဘာတွေကိုများ သဘောတူခဲ့မိပါလိမ့် ” ဟု ကိုယ့်ကိုယ်ကို အပြစ်တင်မိတတ်ကြသည်။ ပုံစံအားဖြင့် ကားတစီးဝယ်ယူရာတွင် ကားအကြောင်း အသေအချာမလေ့လာဘဲ အ၀ယ်စာချုပ်ချုပ်မိကြသည်။ အဘယ် ကြောင့် ဤသို့ဖြစ်ရသလဲ၊ အဘယ်ကြောင့်ဆိုသော် ကားပွဲစားက အနားကပ်ပြီးတွန်းနေသည်။ သားသမီးက လည်း ကားသစ်ကြီးမောင်းပြီး အိမ်ပြန်ချင်နေကြသည်။ မိမိကိုယ်တိုင်ကလည်း စာချုပ်ပါအချက်အလက်များကို (နားမလည်သည့်တိုင်အောင်) မေးရမြန်းရမှာ ရှက်အားနာနေသည်။ တို့ကြောင့်ဖြစ်ပါသည်။
အလျှော့ပေးခြင်းသည် အများအားဖြင့် မကျေနပ်စရာအကျိုးသက်ရောက်မှုကိုလည်းဖြစ်စေတတ်ပါ သည်။ မိမိကိုယ်တိုင်က အရှုံးပေးလိုက်ရသည်ဟု ခံစားရသည်။ ထိုမျှမက မိမိပြိုင်ဖက်အား သူ၏ (ရန်လို) ခြင်းအ တွက် အကျိုးရှိစေပြီး မိမိအဖို့လည်းညံ့သည်။ ရှော်သည်။ ပျော့သည် ဟူသော အမည်ဆိုးရရှိစေမည်။ ယင်းအ ချက်ကိုပြိုင်ဘက်နှင့်အခြားသူများကလည်း နောက်အနာဂတ်အတွင် အခွင့်အရေးယူနိုင်သည်။ ကလေးဆိုးတ ယောက်အား အလိုလိုက်အကြိုက်ဆောင်ခြင်းအားဖြင့် ယင်းကလေး၏ အကျင့်(ဆိုး) ကိုခိုင်မြဲစေသကဲ့သို့ ဒေါ်သ ထွက်တတ်သူအား အလျှော့ပေးခြင်းသည် နောင်အခါတွင် ဒေါသဖြင့်ပေါက်ကွဲခြင်းကို အားပေးရာရောက်သည်။ သင်၏ အထက်လူကြီး သို့မဟုတ် အမှုသည်၏ ကြောက်စရာ(ဒေါသ) သည်ထိန်းချုပ်လို့မရနိုင်ဟု ထင်ရတတ် သည်။ သို့ရာတွင် (ဒေါသ) ဆိုသည်မှာ ထိန်းချုပ်၍ရသောအရာဖြစ်သည်။ ဘာပဲဖြစ်ဖြစ် သူသည် သူ့ထက်ကြီး သော အထက်လူကြီးရှေ့မှောက်တွင် ယခုကဲ့သို့ ပေါက်ကွဲဝံ့လိမ့်မည်မဟုတ်ပါ။
တခါတရံ ကျွန်ုပ်တို့သည် ယခုနောက်ဆုံးအကြိမ်အဖြစ် အလျှော့ပေးလိုက်လျှင် သူနှင့်နောင်တသက် တာလမ်းခွဲနိုင်လိမ့်မည်ဟူသော အယူလွဲဖြင့် ဆင်ခြင်တုံတရားမဲ့သူတဦးအား လိုက်လျောမှုပြုလုပ်တတ်သည်။ သို့ ရာတွင် အခါများစွာတွင် ထိုသူသည်နောက်ထပ်အလျှော့ပေးမှုများရရှိအောင် ကန်းတက်လာတတ်သည်။ အဆို တခုရှိသည်။ ယင်းမှာ “ လိုက်လျောခြင်းဆိုသည်မှာ ကျားတကောင်ကို အမဲသားတုံးများဆက်၍ဆက်၍ ကျွေးနေ လျှင်ယင်းကျားသည် အသားကိုငြီးငွေ့ပြီး သက်သတ်လွတ်သမား ဖြစ်လာလိမ့်မည်ဟု ယုံကြည်ခြင်းဖြစ်သည်” ဟု ဆိုပါသည်။
(က-၃) အဆက်ဖြတ်လိုက်ခြင်း
တတိယတုံ့ပြန်မှုမှာ ဆက်ဆံရခက်သူ၊ သို့မဟုတ် အဖွဲ့အစည်းနှင့် အဆက်အသွယ်ဖြတ်လိုက်ခြင်းဖြစ် သည်။ အိမ်ထောင်တခုဆိုလျှင် ကွာရှင်းခြင်း၊ အလုပ်တခုဆိုလျှင် နှုတ်ထွက်ခြင်း၊ ဖက်စပ်လုပ်ငန်းတခုဆိုလျှင် လုပ်ငန်းဖျက်သိမ်းခြင်းဖြစ်၏။
တခါတရံရှောင်ခြင်းသည် မှန်ကန်သောနည်းဖြစ်၏။ ပုဂ္ဂိုလ်ရေး သို့မဟုတ် စီးပွားရေးလုပ်ငန်းသည် မိမိ အပေါ် အပေါ်စီးရယူစေနိုင်သောကိစ္စတရပ် သို့မဟုတ် မကြာခဏ နောင်ဂျိန်ချရသော ကိစ္စတရပ်ဖြစ်နေပါက ယင်းကိုအဆုံးသတ်ခြင်းကအကောင်းဆုံးဖြစ်သည်။ ဤသို့ အဆက်ဖြတ်ခြင်းအားဖြင့် တဖက်လူသည် အခြေအ နေမှန်ကို သိမြင်လာကာ ပို၍ကောင်းမွန်စွာ ဆက်ဆံလာစေနိုင်ပါသည်။
သို့ရာတွင် အဆက်အသွယ်လုံးဝဖြတ်ခြင်း၏ ငွေကြေးတန်ဖိုး၊ စိတ်ဓာတ်ရေးရာတန်ဖိုးများကား ကြီးမား တတ်ပါသည်။ ဖောက်သည်ဆုံးရှုံးခြင်း၊ လုပ်ငန်းတက်လမ်းပိတ်ခြင်း၊ မိသားစုပြိုကွဲခြင်းများဖြစ်တတ်ပါသည်။ အ ဆက်ဖြတ်ခြင်းသည် အများအားဖြင့် နောင်အခါတွင် နောင်တရတတ်သော အရင်စလိုတုံ့ပြန်မှုများလည်းဖြစ်တတ် ပါသည်။ အလုပ်တခုတွင်ဝင်ပြီးမှ အထက်အရာရှိနှင့် အဆင်မပြေသူ၊ ကိုယ်ရေးကိစ္စတခုကို ဆောင်ရွက်ရာတွင် လုပ်ဖေါ်ကိုင်ဖက်ကို စိတ်ပျက်သူတို့သည် အခြေအနေကိုစိတ်မရှည်နိုင်တော့ဘဲ အဆက်ဖြတ်လိုက်သည်ကို မကြာခဏ တွေ့ရတတ်ပါသည်။ ယင်းတို့သည် တဖက်လူအပေါ်တွင် နားလည်မှုလွဲပြီး ကိစ္စရပ်အောင်မြင်ဖို့ဆက် ၍ မကြိုးစားတော့ပေ။ ထို့ကြောင့် အဆက်ဖြတ်ခြင်းအားဖြင့် သင်သည်( ကိစ္စတရပ်ကို ပြန်၍ပြန်၍ အစိပျိုးနေရ သောကြောင့်) ဘာတခုမှ ပြီးမြောက်နိုင်မည်မဟုတ်ပေ။
(ခ) တုံ့ပြန်ခြင်း၏ အန္တရာယ်များ
ကျွန်ုပ်တို့သည် တုံ့ပြန်မှုပြုလိုက်သောအခါ မူလရည်မှန်းချက်ကို မျက်ခြည်ပြတ်သွားတတ်သည်။ ပုံစံတ ခုအနေဖြင့် ၁၉၇၀-၈၁ ခုနှစ်က အီရန်တွင်ဖြစ်ပွားသောပြန်ပေးမှုတွင် ပင်တဂွန်၏ တုံ့ပြန်ပုံကိုကြည့်ပါ။ ပြန်ပေးဆွဲ မှုဖြစ်ခါစအချိန်သတင်းထောက်တယောက်က ပင်တဂွန်ပြောရေးဆိုခွင့်ရှိသူအား ဤကိစ္စအတွက် လက်နက်ကိုင် တပ်ဖွဲ့များအနေဖြင့် ဘာများဆောင်ရွက်ထားပါသလဲဟုမေးပါသည်။ အဖြေက လက်နက်ကိုင်အင်အားစုများတွင် ဓားစာခံများ၏ အသက်အန္တရာယ်မဖြစ်စေဘဲလုပ်ဆောင်နိုင်သည့်နည်းလမ်းများစွာရှိပါသည်။ ယခုလည်းဓားစာခံ များလွတ်မြောက်လာပြီးမှ ဆောင်ရွက်မည့် ခပ်ကြမ်းကြမ်းကိုင်တွယ်မှုများကိုကြံဆနေပါသည်ဟု ဆက်၍ပြော သည်။ဤနေရာတွင် သူသည်မစဉ်းစားဖြေလိုက်ကြောင်းသိသာသည်။ ဓားစာခံများလွတ်မြောက်ပြီးမကြာမီ အမေ ရိကန်က လက်စားချေတုံ့ပြန်မှုပြုလုပ်မည်ကို သိထားသော အီရန်ကျောင်းသားများသည် ဓားစာခံများကို အဘယ် အကြောင်းကြောင့် လွှတ်ပေးမည်နည်း၊ ပင်တဂွန်သည်ဤနေရာတွင် မိမိ၏ လိုအပ်ချက်ကို မိမိ၏လိုအပ်ချက်ကို မိမိ၏ လက်စားခြေလိုစိတ်နှင့် ရောထွေးသွားခြင်းဖြစ်ပေသည်။
အခါပေါင်းများစွာတွင် တဖက်လူသည် သင့်အား မတုံ့ပြန်အောင် ကြိုးစားနေခြင်းဖြစ်နိုင်သည်။ ထိုအခါ ပထမဆုံး ဆုံးရှုံးမှုမှာ မိမိ၏ရည်မှန်းချက်ဖြစ်သည်။ တနည်းအားဖြင့် အောင်မြင်စွာဆွေးနွေးစေနိုင်သည့် စွမ်းရည်ကို ဆုံးရှုံးလိုက်ခြင်းဖြစ်သည်။ တဖက်လူသည် သင့်အား မိမိကိုယ်ကိုမထိန်းနိုင်ဘဲ စဉ်းစားဥာဏ်မဲ့သွား စေရန် ကြိုးစားခြင်းဖြစ်သည်။ သင့်အားကြိုးကိုင်နိုင်စေရန် မျှားနေခြင်းဖြစ်သည်။ ထို့ကြောင့် သင်တုံ့ပြန်သည်နှင့် တပြိုင်နက် သူ၏စက်ကွင်းတွင် မိသွားလေပြီ။
တဖက်လူ၏ အဓိကအစွမ်းမှာ သင့်အားမည်မျှအထိ တုံ့ပြန်အောင်ပြုနိုင်သည့်အပေါ်တည်သည်။ အရှေ့ အလယ်ပိုင်းမှ အကြမ်းဖက်အုပ်စုငယ်ကလေးတခုသည် လမ်းပေါ်ကအမေရိကန်တယောက်ကို ခပ်လွယ်လွယ် ဖမ်းထားလိုက်ရုံဖြင့် ကမ္ဘာ့အင်အားအကြီးဆုံးနိုင်ငံကြီးနှင့်အတူ တကမ္ဘာလုံး၏ အာရုံစိုက်မှု စိုးရိမ်ပူပန်မှုတို့ကို ဖြစ်ပေါ်ရယူစေနိုင်ပုံကို စဉ်းစားကြည့်ပါ။ ပြန်ပေးသမားများတွင် ကိုယ်ပိုင်အစွမ်းသတ္တိဟူ၍ များများစားစားမရှိ။ သူ တို့၏ အဓိကအင်အားကို အမေရိကန်လူထု၏ တုံ့ပြန်မှုမှရရှိသည်။
တုံ့ပြန်ခြင်းသည် သင့်အဖို့အမှားကြီးမရောက်စေကာမူ သက်ရောက်မှု၊ တုံ့ပြန်မှုဟူသော အကျိုးမရှိလှ သည့် သံသရာတခုကို ဖြစ်ပေါ်စေသည်။ အထက်တနေရာပါ ဇနီးသည်အားသူ့ခင်ပွန်းကို ဘာကြောင့်အော်ရသ လဲဟု မေးကြည့်စမ်းပါ။ “ သူကကျွန်မကို အော်တာကိုး” ဟုဖြေပါလိမ့်မည်။ ခင်ပွန်းသည်အားမေးကြည့်လျှင် လည်း အလားတူအဖြေမျိုး “သူကကျုပ်ကိုအော်တာကိုး” ဟုဖြေပါလိမ့်မည်။ ထို့ကြောင့် တုံ့ပြန်ခြင်းဖြင့် မိမိသည် လည်း ပြဿနာ၏ အစိတ်အပိုင်းတခုဖြစ်လာပါလိမ့်မည်။ ဂျိပ်(ချိတ်) ဂျိပ်ချင်းသာ ချိတ်မိနိုင်သည်ဟူသော စကားရှိသည်မဟုတ်ပါလား။
(ဂ) အပေါ်ကစီးပြီး ကြည့်လိုက်ပါ
သင့်ပရောဂကြောင့် သက်ရောက်မှု၊ တုံ့ပြန်မှုတည်းဟူသော သံသရာတခုဖြစ်လာရခြင်းသည် မကောင်း ဘူးဆိုလျှင် မည်သည်ကကောင်းပါသလဲ၊ ကောင်းတာကယင်းစက်ဝိုင်းကိုဖျက်ပစ်နိုင်စွမ်း သင့်တွင်ရှိခြင်းပင်ဖြစ် ပါသည်။ ကြိုက်သည့်အချိန်တွင် တဘက်သတ်ဖျက်ပစ်နိုင်စွမ်းဖြစ်ပါသည်။ ယင်းမှာ မည်သို့မျှ မတုံ့ပြန်ခြင်းဖြစ် သည်။ရူပဗေဒ သင်တန်းတွင် “သက်ရောက်မှုတိုင်းတွင် တူညီ၍ပြောင်းပြန်ဖြစ်သော တန်ပြန်သက်ရောက်မှုရှိ သည် ” ဟု သင်ကြားခဲ့ရ၏။ ၄င်းနယူတန်၏ ဥပဒေသသည် ၀တ္ထု(ပစ္စည်း) များနှင့်သာ သက်ဆိုင်သည်။ “စိတ်” နှင့်မသက်ဆိုင်ပါ။ ၀တ္ထုများက တုံ့ပြန်သည် စိတ်ကမတုံ့ပြန်ဘဲနေလိုကနေနိုင်သည်။
အိုဟင်နရီ၏ ၀တ္ထုတပုဒ်တွင် တုံ့ပြန်မှုမပြုခြင်း၏ အစွမ်းထက်(ထိရောက်ပုံ) ကိုတွေ့နိုင်သည်။ သားက လေးကို ပြန်ပေးဆွဲခံရပြီးနောက် မိဘများသည်ပြန်ပေးသမားများ၏ တောင်းဆိုချက်ကိုမလိုက်လျောခဲ့ကြပေ။ ကာလကြာသောအခါ ပြန်ပေးသမားများသည် ကလေး၏ တာဝန်ကြီးမားလွန်းလှသဖြင့် ကလေးကို ပြန်ယူကြပါ ရန် မိဘများအားငွေပေး၍ တောင်းပန်ခဲ့ကြရ၏။ ဤ၀တ္ထုသည် စိတ်ဓာတ်ရေးရာလွန်ဆွဲပုံကို ဖေါ်ကျူးခြင်းအား ဖြင့် ပြန်ပေးသမားများကို အနိုင်ယူခဲ့၏။ တွေ့ဆုံဆွေးနွေးမှု ခက်ခဲရှုပ်ထွေးလာသောအခါ နောက်ကိုတခြတလှမ်း ဆုတ်လိုက်ပါ။ ခေါင်းရှင်းရှင်းထားပြီး အခြေအနေကို ဓမ္မဓိဌာန်ကျကျကြည့်မြင်လိုက်ပါ။ တွေ့ဆုံဆွေးနွေးပွဲသည် ဇတ်စင်တခုပေါ်တွင်ကျင်းပနေသည်ဟု ထင်မြင်လိုက်ပြီး၊ သင်က ဇတ်စင်အပေါ်စီးမှ စီး၍ မြင်ရသော ပွဲကြည့်စင် ပေါ်သို့တက်သွားလိုက်ပါ။ တွေ့ဆုံဆွေးနွေးပွဲသည် ဇတ်စင်တခုပေါ်တွင်ကျင်းပနေသည်ဟု ထင်မြင်လိုက်ပြီး သင် က ဇတ်စင်အပေါ်မှ စီး၍ မြင်ရသော ပွဲကြည့်စင်ပေါ်သို့တက်သွားလိုက်ပါ။ ဤနေရာတွင် ပွဲကြည့်စင်ဆိုသည်မှာ (ဆွေးနွေးပွဲနှင့်) စိတ်ဓာတ်အားဖြင့် ခွာကြည့်ခြင်းကိုဆိုလိုသည်။ ပွဲကြည့်စင်မှနေ၍ ဇတ်စင်ပေါ်မှရင်ဆိုင်ပွဲကို အပြင်လူတယောက်လို တည်တည်ငြိမ်ငြိမ်အကဲဖြတ်နိုင်သည်။ နှစ်ဦးနှစ်ဖက်အတွက် မျှမျှတတ စဉ်းစားဝေဖန် ပြီး ပြဿနာကို ဖြေရှင်းပေးနိုင်ပါလိမ့်မည်။
ရှေးဂျပန်ဓားရေးပညာတွင် သင်တန်းသားတို့အား တဖက်ယှဉ်ပြိုင်သူကို “ ဟိုးအဝေက တောင်တလုံး” အဖြစ်ရှုမြင်ရန်သင်ကြားထားသည်။ ဆာမူရိုင်း၏ထိပ်သီးတဦးဖြစ်သော မူဆာရှိက ဤအချက်ကို “ အနီးရှိပစ္စည်း များကို အဝေးမှမြင်နည်း” ဟုခေါ်သည်။ “ပွဲကြည့်စင်” မှ ရှုနည်းသည် ဤအတိုင်းဖြစ်သည်။
ပွဲကြည့်စင်သို့ တက်သွားခြင်းဆိုသည်မှာ မိမိ၏ သဘာဝအာရုံခံစားမှုစိတ်လှုပ်ရှားမှုများမှ ဝေးရာသို့ ခွာ ခြင်းကိုဆိုလိုသည်။
အမှန်အားဖြင့် ဖြစ်နိုင်လျှင် ဆွေးနွေးပွဲမစမီကပင် စင်မြင့်ပေါ်သို့တက်ထားသင့်ပေသည်။ ဤနည်းအား ဖြင့် ကြိုတင်ပြင်ဆင်မှုပြုလုပ်နိုင်သည်။ ဆွေးနွေးပွဲကာလအတွင်းမှာလည်း အခါအခွင့်ရတိုင်း ပွဲကြည့်စင်မြင့်ပေါ် သို့တက်သင့်သည်။ ကာလတလျှောက်လုံးတွင် ပြိုင်ဖက်၏ ခံရခက်သောပြုမူဆောင်ရွက်ပုံကို စိတ်လိုက်မာန်ပါ တုံ့ပြန်ရန် အကြိမ်ကြိမ်ဆုံးဖြတ်မိပါလိမ့်မည်။ သို့ရာတွင် မိမိရည်မှန်းချက်ပန်းတိုင်ဘာဖြစ်သည်ကို အမြဲသိတရဖို့ လိုပါသည်။
(ဃ) အောင်ပန်းကို မျက်ခြေမပြတ်ပါစေနဲ့
ဆွေးနွေးပွဲ၏ ရလဒ်မှာ မိမိ၏ ရပ်တည်ချက်ကို ရယူရန်မဟုတ်၊ မိမိ၏ လိုအပ်ချက်များကို ဖြည့်ဆည်း ရန်ဖြစ်သည်။ ဤအချက်နှစ်ချက်၏ ကွာခြားမှုမှာ အရေးကြီးပါသည်။ ပွဲကြည့်စင်မြင့်ပေါ်ရောက်ပြီး ပထမဆုံးလုပ် ရမည့်အလုပ်မှာ မိမိ၏လိုအပ်ချက်များကို စိစစ်ရန်ဖြစ်သည်။
(ဃ - ၁) လိုအပ်ချက်များကို သတ်မှတ်ပါ
မိမိလိုအပ်ချက်များ ဘာများဖြစ်နေသလဲဟု မိမိကိုယ်ကို မေးကြည့်သောအခါ အများအားဖြင့် တိကျ သောအဖြေရှိနေသည်ကို တွေ့ရတတ်သည်။ “ကျွန်တော်ကတော့ဥက္ကဌကြီးက နောင်နှစ်အတွက် ကျွန်တော့ ဌာန အသုံးစရိတ်ကို တစ်ဆယ့်နှစ်ရာခိုင်နှုန်းတိုးစေချင်ပါတယ်” စသည်ပင်ဖြစ်သည်။ ဤသည်မှာ မိမိ၏ ရပ်တည်ချက် ဖြစ်၍ မိမိလိုချင်သမျှကို အချက်အလက်၊ စည်းကမ်းသတ်မှတ်ချက်၊ အတိအကျ ဖေါ်ပြထားခြင်းဖြစ်၏။
မိမိရပ်တည်ချက်၏ နောက်ကွယ်တွင်မိမိ၏ လိုအပ်ချက်များရှိနေ၏။ ယင်းတို့မှာ ဤရပ်တည်ချက်ကိုဖြစ် ပေါ်စေသော အကြောင်းအရင်းခံများဖြစ်၏။ “ဘာ့ကြောင့်” ဟူသောမေးခွန်းဖြင့်မိမိ၏ လိုလားချက်ကို ဖေါ်ထုတ် ပေးနိုင်သည်။ “ ဘာ့ကြောင့် ဒါကိုလိုချင်နေသလဲ၊ ငါဘယ်ပြဿနာကိုဖြေရှင်းနေတာလဲ”
တွေ့ဆုံဆွေးနွေးပွဲဆိုသည်မှာ နှစ်ဖက်သွားလမ်းဖြစ်သည်။ ထို့ကြောင့်တဖက်လူလိုအပ်ချက်ကို မဖြည့် ဆည်းဘဲနှင့် မိမိ၏လိုအပ်ချက်ကိုချည်း ဖြည့်ဆည်းရန်မဖြစ်နိုင်ပါ။ ထို့ကြောင့် သူ၏လိုအပ်ချက်ကိုလည်း မိမိ၏ လိုအပ်ချက်ကဲ့သို့နားလည်သဘောပေါက်ရန်အရေးကြီးပါသည်။ အထက်လူကြီးက မိမိဌာနအသုံးစရိတ်ကို တိုး ပေးဖို့တွန့်ဆုတ်နေခြင်းသည် သူကကုမဏီ ဥက္ကဌဖြစ်ဖို့မျှော်မှန်း နေခြင်းပေါ်တွင်တည်နိုင်ပါသည်။သူ့ကို ခြိုးခြံ ချွေတာသူတယောက်အဖြစ် ကုမဏီအုပ်ချုပ်ရေးအဖွဲ့က မြင်စေရန်မှာ သူ့အဖို့များစွာအရေးကြီးသည်မဟုတ်ပါ လော။
မိမိ၏ ရပ်တည်ချက်ကိုမရရှိသည့်တိုင်အောင် မိမိလိုအပ်ချက်များကိုဖြည့်ဆည်းနိုင်သည့်အခါများလည်း ရှိပါသည်။ ဌာနအတွက် ရသုံးငွေ တဆယ့်နှစ်ရာခိုင်နှုန်း တိုးရေးတွင် မအောင်မြင်သော်လည်း အခြားအခွင့်အ လမ်းတခုကို တီထွင်ကြံဆနိုင်ပါသည်။ ဤသို့ဖြင့် အုပ်ချုပ်ရေးအဖွဲ့ကလည်း မိမိဌာနမှ အထက်လူကြီးကို အမြင် ကြည်လင်စေနိုင်ပါလိမ့်မည်။ မိမိ၏စီမံကိန်းကို အဆင့်ဆင့်ခြွ၍ ကြည့်လျှင်မဖြစ်နိုင်ဘူးလား၊ ပုံစံအားဖြင့် ယခုနှစ် အတွက် ခြောက်ရာခိုင်နှုန်းတိုးပြီး ကုမဏီဥက္ကဌအသစ်ခန့်အပ်ပြီးမှ နောင်နှစ်အတွက် နောက်ထပ်ခြောက်ရာခိုင် နှုန်းတိုးပေးမည်ဟူသောအာမခံချက်ရလျှင်မဖြစ်နိုင်ဘူးလား။ မိမိ၏ လိုအပ်ချက်များကို တိတိကျကျသတ်မှတ် လိုက်ပါက ဤသို့သော အခွင့်အလမ်းများစွာကို တွေ့လာပါလိမ့်မည်။
အခွင့်အလမ်းများကိုလည်း တင်းကျပ်သော ရည်မှန်းချက်များအဖြစ် မကြည့်မြင်ဘဲ မိမိ၏ လိုအပ်ချက် များကို ဖြည့်ဆည်းပေးမည့် တိကျသော သာဓကများအဖြစ်ယူဆပါ။ ရရှိမည့်ရလဒ်ကား ရည်မှန်းထားသော သ ဘောတူညီချက်မျိုးဖြစ်ပါလိမ့်မည်။ တဖက်လူက မိမိ၏တင်ပြချက်ကို သဘောတူလက်ခံမည်ဟု ကံသေကံမ ဆို နိုင်မည်မဟုတ်သော်လည်း ဆွေးနွေးပွဲအတောအတွင်းတွင် ပို၍ ကောင်းသော အခွင့်အလမ်းတခုကိုရရှိစေနိုင်ပါ လိမ့်မည်။
(ဃ - ၂) BATNA ညှိနှိုင်း ဆွေးနွေးပွဲမလုပ်ဘဲနှင့် ရနိုင်သည့် အကောင်းဆုံးရလဒ် ကို သတ်မှတ်ခြင်း
ဆွေးနွေးပွဲရလဒ်သည် (Prize) မိမိလိုအပ်ချက်များကို နည်းနည်းပါးပါးဖြည့်ဆည်းပေးသော သဘောတူ ညီချက်တခုဖြစ်ရုံနှင့် မလုံလောက်ပါ။ ညှိနှိုင်းသဘောတူညီချက်ရလဒ်သည် ညှိနှိုင်းဆွေးနွေးပွဲမလုပ်ဘဲနှင့် မိမိ ဘာသာရယူနိုင်သော အကောင်းဆုံးရလဒ် (BATNA Best Alternative to a Negotiated Agreement) ထက်ပို ၍ အကျိုးရှိဖို့လိုပါသည်။
(BATNA) ကိုရွေးလျှင် တဖက်လူ၏ သဘောတူညီချက်မလိုဘဲ မိမိလိုအပ်ချက်ကိုဖြည့်ဆည်းနိုင်သည်။ မိမိ၏ အထက်လူကြီးနှင့် လစာတိုးရေးကို ဆွေးနွေးခြင်းဖြစ်ပါက သင်၏ (BATNA) မှာ အခြားအလုပ်တခုပြောင်း လုပ်ဖို့ ဖြစ်သည်။ ဆယ်ကျော်သက်ရွယ် သားသမီးနှင့် သူတို့၏ ရှုပ်ပွနေသောအခန်းအတွက် ဆွေးနွေးခြင်း၏ (BATNA) မှာ ထိုအခန်းကို ကိုယ်တိုင်ရှင်းလင်းပေးရန်ဖြစ်ကောင်းဖြစ်နိုင်သည်။ ဤဒုတိယ အကောင်းဆုံးများ သည် မိမိနှင့်တကွ မိမိနှင့်တပါးသူတို့အကြား ဆက်ဆံရေးအတွက် အကောင်းဆုံးမဟုတ်သည်မှာ မှန်ပါသည်။ ဤအကြောင်းကြောင့်ပင် ထို့ထက် (BATNA) ကောင်းသော ဖြေရှင်းချက်ကိုရှာဖွေညှိနှိုင်းနေရခြင်းဖြစ်ပါသည်။ သို့သော်မိမိ၏ (BATNA) သည် အရေးကြီးသော ညှိနှိုင်းသဘောတူညီချက်တခုအတွက် စံချိန်တိုင်းပေတံဖြစ်ရ ပေလိမ့်မည်။
(BATNA Best Alternative to a Negotiated Agreement) ဆွေးနွေးချက်ကို သတ်မှတ်ရာတွင် အကောင်းဆုံးသုံးမျိုးကို ထည့်သွင်းစဉ်းစားရမည်။ (ပထမ) မိမိ၏ လိုအပ်ချက်များကို အကောင်အထည်ဖေါ် ရန် မိမိတဦးတည်းအနေနဲ့ ဘာများလုပ်နိုင်သလဲ၊ အလွယ်ဆုံး ဥပမာ - မိမိက၀ယ်သူဖြစ်နေလျှင် နောက် ရောင်းသူ တယောက်ကိုရှာရန်၊ မိမိ က ရောင်းသူဖြစ်နေလျှင် နောက်ဝယ်သူတယောက်ကိုရှာရန်ဖြစ်၏။ (ဒုတိယ) တဖက် လူက မိမိ၏လိုအပ်ချက်များကို အလေးဂရုပြုလာစေရန် (သပိမှောက်ရန်) သို့မဟုတ် စစ်ကြေငြာရန်ဖြစ်၏။ (တတိယ) မိမိ၏ လိုအပ်ချက်များကို ပံ့ပိုးပေးနိုင်မည့် တတိယအစုတခုကို ဤကိစ္စထဲသို့ မည်သို့ဆွဲသွင်းလာနိုင် သလဲ၊ ယင်းမှာ တရားရုံးသို့တက်ရန် သို့မဟုတ် ကြားကဖြန်ဖြေမှုကိုလက်ခံရန်ဖြစ်သည်။ ယင်းသို့ ဖြစ်နိုင်ခြေများ ကိုစုစည်းပြီးနောက် အကောင်းဆုံးကိုရွေးချယ်လိုက်ပါ။
အကောင်းဆုံးနောက်တခုဆိုသည်မှာ ကြိုတင်ရှိနေပြီးမဟုတ် ယင်းကို ဖန်တီးယူရသည်။ သင်၏ (BATNA) က မခိုင်မာလျှင် ခိုင်မာအောင်ပြုပြင်ယူရမည်။ ပုံစံအားဖြင့် လက်ရှိလုပ်ငန်းမှာပင် အခြားအလုပ်တခုရ ရန် စဉ်းစားမည့်အစား အခြားလုပ်ငန်းတခုမှ အလုပ်ကမ်းလှမ်းချက်တခုကို ရအောင်ရှာထားပါ။ မိမိ၏ အိမ်ကို ရောင်း၇န် ဆွေးနွေးနေသည်ဆိုပါစို့၊ စိတ်ဝင်စားသူတယောက်ကို ပြပြီးရုံဖြင့် အေးမနေဘဲ နောက်တကယ်ဝယ်လို သူတယောက်ကိုရှာထားပါ။
(BATNA) သည်ဆွေးနွေးမှု စွမ်းရည်၏ သော့ချက်ဖြစ်သည်။ ဆွေးနွေးပွဲတွင် သင့်တဖက်လူထက် အကောင်ကြီးသည်။ အင်အားပိုသည်။ အတွေ့အကြုံပိုများသည်။ ဟူသောအချက်တို့ထက် မိမိ၏ (BATNA) က မည်မျှပိုကောင်းသည်ဟူသောအချက်က ပို၍ အရေးပါသည်။ (နောက်လုပ်ငန်းက) အလုပ်ကမ်းလှမ်းချက်အသစ် က ကောင်းနေလျှင် သင်၏လစာကျေနပ်ဖွယ်ရာ တိုးပေးရန် သင့်လူကြီးက စဉ်းစားလိမ့်မည်။ အထူးသဖြင့် အထက်လူကြီးက သင့်အလုပ်နေရာတွင် ခန့်ထားရန်အခြားတယောက်ကို မသတ်မှတ်သေးလျှင် ဤသို့ပိုဖြစ်နိုင် ပါသည်။ မိမိတွင် အလားအလာကောင်းသော ဒုတိယ အကောင်းဆုံးနောက်တနည်းရှိနေပြီး တဖက်လူတွင်မရှိ ပါက ဆွေးနွေးပွဲတွင် မိမိကအသာစီးရနိုင်ပါသည်။ တနည်းအားဖြင့် မိမိ၏ (BATNA) ကောင်းသလောက် ဆွေး နွေးမှုစွမ်းရည် ပို၍ရှိရပေမည်။
(BATNA) ကိုအိတ်ထဲတွင်ဆောင်ထားပါ။ တဖက်လူက အပြင်းအထန်ထိုးနှက်လာ၍စိတ်လှုပ်ရှားလာပါ က အိတ်ကိုအသာအယာပုတ်ပြီး ဒီတိုက်ပွဲက အဆင်မပြေတောင် ငါကတော့အိုကေပါကွာ လို့ပြောလိုက်ပါ။
(ဃ - ၃) ဆွေးနွေးသင့်မသင့် ဆုံးဖြတ်ချက်ပါ
မိမိ၏ လိုအပ်ချက်များနှင့် မိမိ၏ (BATNA) ကို သိနားလည်ပြီးနောက်ဆွေးနွေးဖို့ သင့်မသင့်စဉ်းစား ကြည့်ပါ။ အချို့သောပုဂ္ဂိုလ်များသည် အလုပ်ကထွက်သွားရန်သင့်သည်မှာ ကြာလှပြီဖြစ်သည့်တိုင်အောင် (အချိန်များစွာယူ၍) အလွန်ညှဉ်းပန်းနှိပ်စက်သော အထက်လူကြီးနှင့် ဘာကြောင့်ဆက်ပြီးဆွေးနွေးရန် ကြိုးစား နေကြတတ်ပါသနည်း။ အလေ့အကျင့်၊ မိမိတွင်အပြစ်ရှိသည်ဟု မလုံခြင်း၊ မိမိကိုယ်ကို အပြစ်တင်ခြင်းတို့သည် အကြောင်းတ၇ားများဖြစ်နိုင်သော်လည်း၊ အခါများစွာတွင် မိမိအတွက် ဒုတိယအကောင်းဆုံး (BATNA) ကို မသတ်မှတ်ခြင်း သို့မဟုတ် မျက်ခြည်ပြတ်ခြင်းတို့ကြောင့်ဖြစ်နိုင်သည်။
တခါတရံ မိမိ၏ (BATNA) သည် တဖက်လူနှင့်ရရှိနိုင်သမျှ သဘောတူညီချက်ထက် ပို၍ကောင်းနေနိုင် ပါသည်။ ဆွေးနွေးပွဲဟူသည်မှာ တန်ဖိုးကြီးပါသည်။ အချိန်ကုန်လူပန်းရုံမက ယင်းအချိန်အတွင်းတွင် အခြားသော အကောင်းဆုံးများကိုလည်းလက်လွှတ်ဆုံးရှုံးနိုင်ပါသည်။ ထို့ကြောင့် ဆွေးနွေးမည်ဆိုသောအခါ သေချာစွာ စဉ်း စားဝေဖန်ပြီးမှ ဆုံးဖြတ်ရန်လိုပေသည်။
မိမိ၏ (BATNA) ကို ရှိသည်ထက်ပို၍ တန်ဖိုးဖြတ်မိတတ်ပါသည်။ စီးပွားရေးသမားအများအပြားတို့ သည် ကိုယ့်ကိုယ်ကို ယုံကြည်မှုလွန်နေသော ရှေ့နေများ၏ အကြံပေးချက်များအပေါ်အားထား၍ ပြဿနာများ ဆွေးနွေးခြင်းမပြုဘဲ ရုံးတင်ရန်ဆုံးဖြတ်ခဲ့ကြရာမှ စီးပွာရေးပျက်စီးမှုနှင့် ကြုံခဲ့ရပါသည်။ ရုံးရောက်သောအမှု၊ သပိတ် သို့မဟုတ် စစ်ပွဲတိုင်းတွင် တဖက်သို့မဟုတ် နှစ်ဖက်လုံးအဖို့ မိမိ၏ (BATNA) သည် မိမိထင်ထားသ လောက် မစွံကြောင်းတွေ့ရတတ်သည်။ ဤအချက်ကို ကြို၍သိထားပါက သဘောတူညီချက်မရရအောင်တွန်း အားတခုဖြစ်လာနိုင်သည်။
(ဃ - ၄) ရည်မှန်းချက်ပန်းတိုင်ကို မျက်ခြည်မပြတ်ပါစေနဲ့
ထို့ကြောင့် ရည်မှန်းချက်ပန်းတိုင်သည် မိမိ၏ (BATNA) ကစွမ်းဆောင်နိုင်သည်ထက် မိမိ၏ လိုအပ် ချက်များကို ပြေလည်စေသော သဘောတူညီချက်တခုဖြစ်ရမည်။ ပြိုင်ဖက်၏ လိုအပ်ချက်များကိုလည်း တတ်နိုင် သလောက် ဖြည့်ဆည်းပေးရပေမည်။ မိမိ၏ ရည်မှန်းချက် (ပန်းတိုင်) ဘာဖြစ်သည်ကို သိနားလည်ပြီးနောက်တွင် မူ ယင်းကို မျက်ခြည်မပြတ်အောင်ကြည့်ထားရမည်။ ဤကိစ္စမှာ လွယ်လှသည်မဟုတ်ပေ။ ဒေါသထွက်သောအ ခါ တိုက်ခိုက်လိုစိတ်ပေါ်လာတတ်သည်။ စိတ်ပျက်အားလျော့သောအခါ ဆွေးနွေးပွဲမှ ထွက်သွားလိုစိတ်ဖြစ်လာ တတ်သည်။ ဤသို့ဖြစ်လျှင် သဘာဝတုံ့ပြန်မှုဆိုသည်ကို မည်သို့သောနည်းဖြင့် ဖယ်ထားကြပါမည်နည်း။
(င) ကစားကွက်ကို အမည်တတ်ပေးလိုက်ပါ
တခါတရံ လက်ရှိအခြေအနေတွင် နစ်မျောပါဝင်ပတ်သတ်နေသောအခါ မိမိကတုံ့ပြန်နေသည်ကိုပင် သတိမထားမိဘဲ ရှိနေတတ်သည်။ ထို့ကြောင့် ပထမဆုံးလုပ်ရမည်မှာ (တဖက်လူ၏) နည်းဗျူဟာကို အသိအ မှတ်ပြုထားလိုက်ရန်ဖြစ်သည်။ ရှေးဟောင်း (ဒဏ္ဍာရီ) များတွင် နတ်ဆိုးတယောက်ကို အမည်တပ်၍ ခေါ်လိုက် ခြင်းအားဖြင့် ယင်းနတ်ဆိုးကိုမောင်းထုတ်ပြီးဖြစ်သည်ဟု အယူရှိသည်။ ထို့ကြောင့် တဖက်၏ မတရားသောနည်း ဗျူးဟာကို ထုတ်ဖေါ်လိုက်နိုင်ခြင်းဖြင့် သူ၏ တန်ခိုးကိုပယ်ဖျက်ပြီးဖြစ်လိမ့်မည်။
နည်းဗျူဟာသုံးမျိုး
နည်းဗျူဟာ ဒါဇင်ပေါင်းများစွာရှိရာ ယင်းတို့ကို ယေဘုယျအားဖြင့် အတားအဆီးပြုခြင်း၊ ရန်စရိုင်းစိုင်း ခြင်း၊ ထင်မှတ်မှားစေခြင်း တို့ပေါ်တွင်တည်၍ သုံးမျိုးသုံးစားခွဲခြားနိုင်သည်။
(င - ၁) ကျောက်တံတိုင်းကာရံခြင်း
ကျောက်တံတိုင်းကာရံခြင်းနည်းဗျူဟာသည် တဆံခြည်မျှရွှေ့မပေးသော နည်းဖြစ်သည်။ တဖက်လူ သည် အလျှော့်အတင်းလုံးဝမလုပ်ဘဲ သူ၏ရပ်တည်ချက်မှလွဲ၍ အခြားရွေးစရာမရှိကြောင်း သင့်အား သဘော ပေါက်စေပါလိမ့်မည်။ ကျောက်တံတိုင်းကိုတခါတရံ၌ ပြီးပြီးသားကိစ္စတရပ်အသွင်ဖြင့်တွေ့ရ၏။ “ကိစ္စကပြတ်ပြီး သားပဲ၊ဘာမှထပ်လုပ်လို့မရတော့ဘူး” သို့မဟုတ် ချမှတ်ပြီးသော ပေါ်လစီအဖြစ်တွေ့ရတတ်၏။ “ ဒါကကျွန်တော် တို့ပေါ်လစီပဲ။ ကျုပ်အနေနဲ့ဘာမှ လုပ်လို့မရဘူး” သို့မဟုတ် ယခင်ကဆုံးဖြတ်ချက်တခုကို ကိုးကားလာတတ်၏ ။ “လခ ရှစ်ရာခိုင်နှုန်းမှ တိုးမရရင် ကျွန်တော်နှုတ်ထွက်ပါမယ်လို့ သမဂ္ဂ အဖွဲ့ဝင်တွေကို ကတိခံထားခဲ့ပြီးသားပဲ” တဖန် တဖက်လူသည် အဆုံးမရှိသော နှောင့်နှေးကြန့်ကြာမှုကို ပြုလုပ်တတ်၏။ “ ကျွန်တော်တို့ ထပ်ပြီးဆက် သွယ်ပါမယ်” သို့မဟုတ် နောက်ဆုံးစကားအဖြစ် “ ကြိုက်လဲယူပေါ့၊ မကြိုက်လဲထားခဲ့ပေါ့” ဟူ၍ ဆိုနိုင်သည်။ သင်ထပ်မံအကြံပြုတင်ပြသမျှကို “ ဟင့်အင်း” ဟုသာအဖြေပေးလိမ့်မည်။
(င-၂) တိုက်ခိုက်မှုများ
တိုက်ခိုက်မှုဆိုသည်မှာ ဖိအားပေးနည်းဗျူဟာဖြစ်သည်။ သင့်အားကြောက်ရွံ့ပြီး နေမထိထိုင်မသာ ဖြစ် သွားကာ ပြိုင်ဘက်၏ တောင်းဆိုချက်များကို အလျှော့ပေးလုက်လျောအောင်ရည်ရွယ်သည်။ အတွေ့ရအများဆုံး မှာ သူတင်သလိုလက်မခံလျှင် နောင်ဖြစ်လာမည့် အကျိုးဆက်ကို ဖေါ်ပြခြိမ်းခြောက်ခြင်းဖြစ်သည်။ “ ဒီလိုလုပ်ရင် လုပ်၊ မလုပ်ရင်” ဟူ၍ဖြစ်၏။ သင်၏တင်ပြချက်ကိုအပြစ်ရှာ၏။ “ ခင်ဗျားတင်ပြထားတဲ့ကိန်းဂဏန်းတွေသိပ်ကွာ နေတယ်” သင်၏သိက္ခာကိုထိပါးစေခြင်းဖြစ်၏။ “ ဒီအလုပ်ကိုခင်ဗျားလုပ်တာမကြာသေးဘူးမဟုတ်လား” သင်၏ အဆင့်နှင့်လုပ်ပိုင်ခွင့်ကိုထောက်ပြ၏။ “ကျုပ်တို့က တကယ့်ဆုံးဖြတ်ပိုင်ခွင့်ရှိသူနဲ့သာပြောချင်တာ” တိုက်ခိုက်သူ သည် သူ့လိုလားချက်မရမချင်း သင့်အားစော်ကားအနိုင်ကျင့်၍ ထိုးနှက်မည်ဖြစ်သည်။
(င-၃) လှည့်စားမှု
လှည့်စားခြင်းဆိုသည်မှာ သင့်အားအလျှော့ပေးစေရန် လိမ်ညာသောနည်းဗျူဟာများဖြစ်သည်။ တဖက် လူသည်ရိုးသားစွာ အမှန်တရားကို ဖော်ထုတ်နေသည်ဟူသော သင်၏ခံယူချက်ကို အခွင့်ကောင်းယူတတ်သည်။ တနည်းမှာ မမှန်ကန်သော လုပ်ကြံထားသော၊ ရှုပ်ထွေးသော ကိန်းဂဏန်းများကို အသုံးပြုပြီး စာရင်းဇယားကို လိမ်ထားခြင်းဖြစ်သည်။ နောက်တနည်းမှာ ပြိုင်ဘက်သည် ကိစ္စရပ်ကို ဆုံးဖြတ်ပိုင်ခွင့်ရှိသူတဦးကဲ့သို့ဟန်ဆောင် ကာမိမိထံမှ ရနိုင်သဘောက်ညှစ်ယူပြီး တကယ့်ဆုံးဖြတ်ရမည့်အချိန်ရောက်မှ သူ့အထက်လူတယောက်ကသာ အဆုံးအဖြတ်ပေးနိုင်ကြောင်းပြောခြင်းဖြစ်သည်။ ယင်းကို “ မရှိတဲ့အာဏာ” နည်းဟုခေါ်သည်။ နောက်တနည်း မှာ “ထပ်ဆောင်း” နည်းဖြစ်သည်။ မိမိက သဘောတူညီချက်ရပြီဟု ယူဆပြီး နောက်ဆုံးတဖက်က ထပ်တိုး၍ တင်ပြတောင်းဆိုလာနည်းဖြစ်သည်။
နည်းဗျူဟာကို အသိအမှတ်ပြုပါ
နည်းဗျူဟာကို တခု၏ အကျိုးသက်ရောက်မှုကို ချေဖျက်ရတ်သော့ချက်မှာ ယင်းကိုအသိအမှတ်ပြုခြင်း ဖြစ်သည်။ တဖက်သူ၏ နည်းဗျူဟာသည် ကျောက်တံတိုင်းနည်းဖြစ်သည်ဟု အသိအမှတ်ပြလိုက်လျှင် သူ့ကို အလျော့အတင်းမလုပ်တတ်သူဟု ယူဆမှုလျော့သွားလိမ့်မည်။ တိုက်ခိုက်လာမှုကို အတိအကျနားလည်ထားခြင်း ဖြင့် ကြောက်ရွံ့ခြင်း၊ စိတ်ဆင်းရဲဒဏ်မခံရဘဲ တဖက်လူ၏ လိမ်လည်လှည့်ဖြားမှုမှ ကင်းလွတ်နိုင်မည်။
ထိုနည်းများ၏ ထိရောက်မှုမှာ မိမိအပေါ်ဘာလုပ်လိုက်သည်ကို သင်ကမသိခြင်းအပေါ်တည်သည်။ ပုံစံ အားဖြင့် သင့်ဖောက်သည်က “ ဈေးနှုန်းကို သူကတော့သဘောကျပါသည်။ သို့ရာတွင် သူ၏ပါတနာက စာချုပ်ကို ပြင်ဆင်ချက်အများအပြားမပြုလုပ်ဘဲ လက်မှတ်ရေးထိုးခွင့်မပြု” ဟုပြောလာသည်ဆိုပါစို့။ သူသည် သူ၏ ပါတနာ အား “ လူဆိုး” အဖြစ် အသုံးချနေခြင်းကို သတိမပြုပါက သူပြောသော ပြင်ဆင်ချက်များကိုပြုလုပ်ရန် သဘောတူ လိုက်မိလိမ့်မည်။ နည်းဗျူဟာကို သိနားခည်ထားခြင်းဖြင့် သတိထားဆက်ဆံနိုင်သည်။
အသိအမှတ်ပြုရန် အခက်ဆုံးနည်းဗျူဟာများမှာ လိမ်ညာချက်များဖြစ်၏။ ပြိုင်ဘက်သည်အမှန်ကိုမ ပြောဘဲ သင်ကအမှန်ဟုယူဆစေရန် အားထုတ်လိမ့်မည်။ သူ၏ ယခုပြောစကားများနှင့် သူ၏ အတိတ်ကပြောစ ကားများလုပ်ပုံကိုင်ပုံ၊ မျက်နှာပေး၊ ကိုဟန်အနေအထား အသံနေအသံထားတို့အကြား သဟဇာတ မဖြစ်မှုတို့ကို စောင့်ကြည့်ရန်လိုသည်။ လူလိမ်သည်စကားလုံးများကို ကျင်လည်စွာရွေးချယ်သုံးနှုန်းနိုင်သော်လည်း၊ စိုးရိမ် ကြောင့်ကြမှုကြောင့်၊ လိပ်ပြာ မသန့်သောကြောင့် အသံနိမ့်မြင့်မှုကိုမထိန်းနိုင်ပေ။ မျက်နှာပေးကိုလည်း ထိန်းရန် ခက်တတ်သည်။ ပုံစံအားဖြင့် သူ့အပြုံးသည် အမဲ့ဖြစ်နေတတ်သည်။ စိုးရိမ်ကြောင့်ကြမှုဆိုသည်မှာ အကြောင်း အရင်းအများရှိတတ်သဖြင့် သဲလွန်စတခုတည်းဖြင့် မလုံလောက်ပါ။ သဲလွန်စအများကို ရှာကြည့်ရမည်။
နည်းဗျူဟာများကို စောင့်ကြည့်ခြင်းဆိုသည်မှာ နိုးနိုးကြားကြားရှိခြင်းသာဖြစ်သည်။ အလွန်အမင်းသံသ ယရှိခြင်းမဟုတ်ပေ။ တခါတရံ ကျွန်ုပ်တို့သည် အခြားလူတယောက်၏ အပြုအမူကို နားလည်မှုလွဲတတ်သည်။ ယ ခုခေတ်အတွက် နာမည်အကြီးဆုံး နိုင်ငံရေးမြင်ကွင်းတခုမှာ ၁၉၆၀ ခုနှစ် ကုလသမဂ္ဂတွင် မိန့်ခွန်းပြောရင်း ဆိုဗီ ယက်ဝန်ကြီးချုပ် “ နီကီတာ ကရုရှက် ” ကစားပွဲကို ဖိနပ်ဖြင့်ထုနေပုံဖြစ်သည်။ လူတိုင်းကသူ၏ လွန်ကဲသောအ ပြုအမူသည် အနောက်အုပ်စုကို ခြိမ်းခြောက်ရန် ရည်ရွယ်သောနည်းဗျူဟာတခုဖြစ်သည်ဟုယူဆ၏။ “ ခုတကြိမ် ဖိနပ်နဲ့ထုရင် နောက်တခါ နျူးကလီးယားလက်နက်နဲ့မထုပေဘူးလား” ဟုတွေးကြသည်။ နောက်အနှစ်သုံးဆယ် အကြာတွင်မူ ကရုရှက်၏ သား ဆာဂေက သူ့ဖခင်၏ ရည်ရွယ်ချက်သည်အများထင်ထားတာနှင့်များစွာကွဲပြား ကြောင်းရှင်းပြ၏။
ဆိုဗီယက်ယူနီယံနယ်နိမိတ်အပြင်ဘက်သို့ အရောက်အပေါက်နည်းသောကရုရှက်က အနောက်နိုင်ငံ လူထုသည် ပြင်းထန်သောနိုင်ငံရေးအခြေအတင်ပြောပွဲများကိုကြိုက်နှစ်သက်ကြသည်ဟု ကြားဖူးထား၏။ ထို့ ကြောင့်သူက အနောက်နိုင်ငံပရိတ်သတ်သဘောကျမည်ဟုယူဆကာ မိမိတင်ပြလိုသည့်အချက်ကိုဖိနပ်ဖြင့်စားပွဲ ကိုထုခြင်းဖြင့်အလေးအနက်ဖေါ်ပြလိုက်၏။ ပရိတ်သတ်က လန့်ဖျပ်ငြိမ်ကျသွားသောအခါ ကရုရှက်ထက် အံ့သြ သွားသူမရှိတော့ပေ။ သူ(အနောက်နိုင်ငံသားတယောက်) လို ကြိုးစားပြုမူခဲ့သည်မဟုတ်ပါလား။ ကရုရှက်၏ အဆင်မပြေသော ပြုမူချက်သည် မတူကွဲပြားသောယဉ်ကျေးမှုနှစ်ခုကြောင့် ဖြစ်ပေါ်လာသော နားလည်မှုလွဲမှား ချက်တခုသာဖြစ်ပါသည်။
ထို့ကြောင့် ရေဒါကိုအသုံးပြုပါ။ သံချပ်ကာအင်္ကျီကို မ၀တ်ပါနှင့် လိမ်ညာဖြန်းသန်းမှုတခု၊ သို့မဟုတ် မသိမသာထိုးနှက်မှုတခုကို ခံစားမိသောအခါ စိတ်ထဲမှာမှတ်ထားလိုက်ပါ။ ယင်းကို အသိအမှတ်ပြုလိုက်ခြင်းဖြင့် ခြေဖျက်လိုက်ပြီး ယင်းသည် ဧကန်ဧက ကိစ္စတခုမဟုတ်ဘဲ ဖြစ်နိုင်ဖွယ်ရာ တခုအဖြစ်သာ စိတ်တွင် တေးထား လိုက်ပါ။ ဆက်ဆံရခက်သူများသည် နည်းဗျူဟာတခုကိုသာ သုံးကြသည်မဟုတ်သဖြင့် အခြားအထောက်အ ထားများကိုလည်း ရှာကြည့်ပါ။
မိမိ၏ ပျော့ကွက်များကို သိနားလည်ပါ
ပြိုင်ဖက်က မိမိအပေါ်အသုံးချသောနည်းဗျူဟာများကို ကောင်းစွာချေဖျက်ရန်အတွက် သူ၏ နည်းဗျူ ဟာများကိုသာမက မိမိ၏ခံစားချက်ကိုလည်း သိနားလည်ရန်လိုအပ်သည်။
မိမိက တဖက်လူအား တုံပြန်နေပြီဆိုသည်ကို ပထမဆုံး မိမိ၏ ခန္ဒာကိုယ်မှသိသည်။ ဗိုက်ထဲကအောင့် လာသည်။ ရင်ကခုန်လာသည်။ မျက်နှာက နီလာပြီးလက်ဖ၀ါးတွင်ချွေးပြန်လာသည်။ ထိုအချက်တို့က တခုခုမှား နေကြောင်းပြသည်။ သင်သည်ပွဲကြည့်စင်မြင့်သို့တက်ချိန်တန်ပြီဖြစ်ကြောင်း ညွှန်းနေကြသည်။
ကျွန်ုပ်တို့အားလုံးတွင် စိတ်ဓာတ်ရေးရာအရ ထိခိုက်လွယ်သောနေရာများရှိကြသည်။ ယင်းတို့ကို (ပျော့ ကွက်) များဟုခေါ်နိုင်သည်။ အချို့သည် သေးငယ်သော ဝေဖန်မှုမျိုးကိုပင် တူးတူးခါးခါးတုံ့ပြန်တတ်၏။ တစုံတ ယောက်က မိမိကိုလှောင်သည်ဟု ထင်မှတ်ယုံဖြင့် အကြီးအကျယ်ဒေါသထွက်တတ်သည်။ မိမိအယူအဆကို လက်မခံလျှင်ပင် မခံနိုင်၊ မရပ်နိုင်ဖြစ်တတ်၏။ အချို့ကမူ ကိုယ့်တွင်တာဝန်ရှိသည်ဟု ယူဆ၍လည်းကောင်း၊ တဖက်သားက မိမိကိုမုန်းတီးမည်စိုး၍လည်းကောင်း၊ အချင်းများရမှာ ကြောက်၍လည်းကောင်း၊ အလျှော့ပေး တတ်ကြသည်။
မိမပျော့ကွက်များကိုသိထားပါက တဖက်က မိမိ၏ပျော့ကွက်ကို တိုက်ခိုက်လာသည်နှင့်သိနိုင်သည်။ တ ဖန်ယင်းသို့သိလိုက်ခြင်းဖြင့် မိမိ၏ သဘာဝတုံ့ပြန်မှုကိုထိန်းချုပ်နိုင်လိမ့်မည်။ မိမိအား စနစ်စည်းကမ်းမရှိ၊ ခေါင်း ရှုပ်နေသူဟု အခေါ်မခံလိုလျှင် စနစ်တကျစည်းကမ်းရှိအောင် ကြိုတင်ပြင်ဆင်ထားပါ။ ထို့နောက်တွင်မူ အခြား တယောက်က မိမိအား ဗရုတ်သုတ်ခ နိုင်သည်ဟု စွပ်စွဲသောအခါ ခါထုတ်လိုက်နိုင်ပါလိမ့်မည်။
ကျွန်ုပ်တို့သည် ပြိုင်ဆိုင်မှုအတိပြီးသော ပတ်ဝန်းကျင်တွင်နေထိုင်လုပ်ကိုင်နေကြရသည်။ ထို့ကြောင့် နှုတ်ဖြင့်တိုက်ချုက်မှုများရှိမည်ကိုမျှော်လင့်ထားပြီး ယင်းတို့ကို ဂရုမစိုက်ပါနှင့်။ တဖက်လူသည် မိမိ၏ဒေါသ၊ အ ကြောက်တရားနှင့် လိပ်ပြာမသန့်မှုတို့အပေါ် အခွင့်ကောင်းယူရန် မျှော်လင့်ထားကြောင်း၊ သတိရပါ။ မိမိက စိတ်ခံ စားမှုများ ကိုမထိန်းချုပ်နိုင်ဘဲ ဆွေးနွေးရာတွင် ထိရောက်မှုမရှိပါက သူ့အကြိုက်ဖြစ်သွားလိမ့်မည်။ ကျွန်ုပ်တို့ငယ် စဉ်က ကစားဖေါ်တယောက်က ရန်လိုစော်ကားလာသောအခါ “ ပြောချင်ရာပြော ငါဂရုမစိုက်ဘူး” ဟုပြောခဲ့ကြ သည်မဟုတ်ပါလား။ ဤ သင်ခန်းစာသည်လူကြီးများအနေဖြင့်လည်း သတိရဖို့ကောင်းသော သင်ခန်းစာတခုဖြစ် ပါသည်။
တိုက်ခိုက်ထိုးနှက်ခြင်းခံရသောအခါ တဖက်လူကို ဒါထက်ပိုပြီး ဘာမျှမလုပ်တတ်သူတယောက်အဖြစ်ရှု မြင်ခြင်းသည် များစွာအထောက်အကူဖြစ်စေပါသည်။ ပုံစံအားဖြင့် အထက်လူကြီးက မိမိ၏ လုပ်ဖေါ်ကိုင်ဖက်များ ရှေ့တွင် မကြာခဏ အပြစ်ရှာ ဆူပူခြင်းခံရသော အမျိုးသမီးတဦး၏ ခံယူချက်ကို ကြည့်ကြစို့။ “ သူ့ အကြောင်း ကိုခေါင်းထဲထည့်ထားတုန်းက ကိုင်တိုင်ရော မိသားစုရော သိပ်ပြီးစိတ်ဒုက္ခရောက်ခဲ့ကြရတယ် နောက်တော့ သူ ဟာ ငါ့ရဲ့ဘ၀နဲ့ ဘာမျှမဆိုင်ဘူးလို့ ဆုံးဖြတ်ပြီး သူနဲ့ခွာပြီး စဉ်းစားလိုက်တယ်။ ဒီတော့ “ အော် ဒင်းဟာ လူနဲ့သူနဲ့ ဘယ်လိုဆက်ဆံရမယ်ဆိုတာ မသိတဲ့ သနားစရာသတ္တ၀ါပါလား” လို့သဘောပေါက်လာတယ်။ အဲဒီနောက် သူ ဘာလုပ်လုပ် ကျွန်မကလစ်လျူရှုထားလိုက်တယ်။ ကျွန်မကိုဘယ်လိုခလုတ်တိုက်တိုက် မလှုပ်မှန်းသိတော့ သူ့ အကျင့်ဆိုးလည်း ရပ်သွားပါတယ်။”
Sunday, December 13, 2009
ဟင့်အင်းကိုကျော်ဖြတ်ခြင်း (ဒေါ်အောင်ဆန်းစုကြည် ဘာသာပြန်သည်) Getting Past No William Ury
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment