Monday, December 21, 2009

ဟင့်အင်းကိုကျော်ဖြတ်ခြင်း(အပိုင်း-၂ )

(စ) အချိန်ယူ၍စဉ်းစားပါ

ကစားကွက်ကိုအမည်တပ်ပေး၍ လက်ငင်းတုံ့ပြန်မှုကိုရှောင်ပြီးသော် နောက်တဆင့်မှာ စဉ်းစားရန်အချိန် ယူခြင်းဖြစ်သည်။ တနည်းအားဖြင့် ပွဲကြည့်စင်မြင့်သို့တက်ရန်ဖြစ်သည်။

(စ - ၁) ခေတ္တရပ်လိုက်ပါ ဘာမှမပြောပါနဲ့

တင်းမာသောဆွေးနွေးပွဲတခု၏ အလယ်တွင် အလွယ်ဆုံးအချိန်ယူစဉ်းစားနည်းမှာ ရပ်နားပြီးဘာမှမ ပြောခြင်းဖြစ်သည်။ စိတ်ဆိုးနေစဉ် စိတ်ပျက်နေစဉ် တုံ့ပြန်ခြင်းဖြင့်အကျိုးမရှိနိုင်ပါ။ မိမိ၏ဆုံးဖြတ်ချက်သည် တလွဲတချော်ဖြစ်နေတတ်သည်။ ဤသည်မှာ ရိုးရိုးစိတ်ပိုင်းဆိုင်ရာကိစ္စတရပ်မဟုတ်ပါ။ ဒေါသစိတ်တင်းကျပ်မှုတို့ နှင့် ယှဉ်တွဲနေသော တိကျသောဇီဝဓါတုပြောင်းလဲမှုများကြောင့်ဖြစ်ပေါ်လာပါသည်။ ယင်းပြောင်းလဲမှုများပျက် ပြယ်သွားသည်အထိ စက္ကန့်အနည်းငယ်မျှ အချိန်ယူခြင်းဖြင့်ပင် ကိစ္စအရပ်ရပ်ကို ပို၍ ယထာဘူတကျကျ မြင်စေ နိုင်ပါလိမ့်မည်။ သောမတ်ဂျက်ဖာဆန်က “ ဒေါသထွက်နေလျှင် စကားမပြောမီ တဆယ်အထိရေတွက်ပါ။ သိပ် ဒေါသထွက်နေလျှင် တစ်ရာအထိရေတွက်ပါ” ဟူ၍ ပြောဖူးပါသည်။

ခေတ္တရပ်နားခြင်းဖြင့်သင့်အဖို့ ပွဲကြည့်စင်မြင့်ပေါ်သို့တက်ရန် စက္ကန့်အနည်းငယ်ရစေသကဲ့သို့ တဖက်လူ အားလည်းစိတ်ငြိမ်သွားရန် အခွင့်အလမ်းရပါစေလိမ့်မည်။ သင်ဘာမျှ မပြောလျှင် သူ့မှာတိုက်စရာမရှိဖြစ်ပါလိမ့် မည်။ အချေအတင်ဆက်၍ပြောရေးကိစ္စသည်သူ့တာဝန်ဖြစ်လာလိမ့်မည်။ သင်ဘာတွေးတောကြံဆနေသည်ကို မသိသောကြောင့် သူကပို၍မျှမျှတတ တုံပြန်လာလိမ့်မည်။ အထိရောက်ဆုံးဆွေးနွေးမှုအချို့မှာ လုံးဝနှုတ်ပိတ်နေ ခြင်းဖြင့် ပြီးမြောက်အောင်မြင်သွားတတ်ပါသည်။

သို့စဉ်လျက် တဖက်လူကဆက်လက်၍ ဆူပူနေသည်ဆိုပါစို့။ ရုပ်ရှင်ထုတ်လုပ်သူတယောက်၏ သူဌေး ကြီးသည် သာမန်အသေးအဖွဲ ကိစ္စကလေးများကြုံရလျှင်ပင် ပေါက်ကွဲတတ်၏။ ဒေါသထွက်လျှင် သူကဆွဲထိုးချင် စိတ်ပေါက်မိကြောင်း မိတ်ဆွအားပြောပြာရာ မိတ်ဆွေက “ဒီလိုစဉ်းစားကြည့်ပါ။ သူကခင်ဗျားကို အော်ငေါက်နေ တာမဟုတ်ဘူး။ သူ့ဖာသာသူ အော်ချင်လို့အော်ဟစ်နေတာ၊ အဲဒီတော့ နောက်တခါ အဲဒီလိုဟောက်လာရင်၊ ကုလားထိုင်နောက်ကျော်မှီ၊ လက်ပိုက်ပြီးထိုင်နေလိုက်၊ သူ့ဟောက်သံတွေ ခင်ဗျားအပေါ်ကကျော်ပြီးလွင့်သွား လိမ့်မယ်။ သူဒီလိုပွင့်ထွက်သွားတဲ့အတွက် သူ့အတွက် ဘယ်လောက်ကောင်းသွာတယ်ဆိုတာ ခင်ဗျားဘာသာ တွက်ကြည့်လိုက်ပါ” အကြံပေးပါသည်။ နောင်အခါတွင် ထုတ်လုပ်သူက ဤအကြံလက်တွေ့တွင် အောင်မြင် ကြောင်းပြန်၍သတင်းပို့သည်။

အလုပ်သမားသမဂ္ဂနှင့် အုပ်ချုပ်ရေးအဖွဲ့တို့ဆွေးနွေးပွဲများတွင် မကြာခဏတွေ့ကြုံရတတ်သော စကားစစ်ထိုးပွဲများကိုလည်းး အထက်ပါ ချဉ်းကပ်နည်းဖြင့် ရှောင်လွှဲနိုင်ပါသည်။ တခါတွင်မူ နှစ်ဖက်လုံးက “တကြိမ်မှာ တယောက်သာ စိတ်ဆိုးကြေး” ဟူသောစည်းကမ်းတခုချက်ကြသည်။ ထိုအခါ တဖက်က ဒေါထနေ လျှင်နောက်တဖက်က မတုံ့ပြန်ဘဲနေရတော့သည်။ တုံ့ပြန်မိလျှင် မိမိတို့အဖို့ ပျော့ညံ့ပြီး မထိန်းချုပ်နိုင်သူများ ဖြစ် သွားမည်ဖြစ်သည်။ ဤစည်းကမ်းကြောင့် တုံ့ပြန်မှု၊ တန်ပြန်တုံ့ပြန်မှု သံသရာလည်းပျက်သွားလေသည်။

ခံစားမှုဆိုသည်ကို လုံးလုံးကြီးပယ်ထားလို့မရစကောင်းပါ။ ပယ်ရန်ည်းမလိုပါ။ ခံစားမှုနှင့် လက်တွေ့ ဆောင်ရွက်မှုအကြားမှ ကွင်းဆက်ကိုဖြတ်ပစ်လိုက်ရန်သာလိုပါသည်။ ဒေါသထွက်ခြင်း၊ စိတ်ပျက်ခြင်း၊ စိုးရွံ့ခြင်း တို့ကိုခံစားမှုနှင့် ရုတ်တရာက်ဖြစ်ပေါ်သော နှိုးဆွစိတ်ကိုတော့ လက်တွေ့အကောင်အထည်မဖေါ်လိုက်ပါနဲ့။ နှိုးဆွ စိတ်ကိုဘေးဖယ်ထားလိုက်ပြီး မိမိအပြုအမူကိုလည်းရပ်ထားလိုက်ပါ။ ဤသို့ ပြုလုပ်ရာတွင် နာရီနှင့်ချီ၍ကြာသည် ထင်ရသော်လည်း အမှန်အားဖြင့် စက္ကန့်အနည်းငယ်မျှသာကြာပါလိမ့်မည်။ တဖက်လူက အော်ဟစ်ငေါက်ငန်းနေ စဉ် သို့မဟုတ် ကျောက်တံတိုင်းကာနည်းသုံးနေစဉ် ဤသို့ပြုရန် မလွယ်သည်မှာ မှန်ပါသည်။ သို့ရာတွင် ဆွေး နွေးမှုအောင်မြင်ရေးအတွက်မူ လိုအပ်ချက်တခုဖြစ်ပါသည်။ သမ္မာကျမ်းစာတွင် လာသည့်အတိုင်း “ နားထောင် ရာတွင်န်ြပါစေ၊ ပြောရာတွင်ကြာပေါစေ၊ (လက်တွေ့) လုပ်ဆောင်ရာတွင် အချိန်ယူပါ”။

(စ - ၂) တိပ်ခွေကိုပြန်ရစ်ပါ

ရပ်ထားသည်ဆိုရာတွင် အချိန်အကန့်အသတ်ရှိသည်။ စဉ်းစားရန်အချိန်ယူပါ။ (တိပ်) ခွေကို ပြောင်းပြန် ပြန်ရစ်ပြီး တခါပြန်ဖွင့်သကဲ့သို့ ပြောခဲ့သမျှစကားအခြေအတင်ကို ပြန်ပြောကြည့်ပါ။ တဖက်လူအား “ ခင်ဗျားဘာ ဆိုလိုတယ်ဆိုတာကို ကျုပ်သေသေချာချာ နားလည်ချင်လို့ပါ” ဟုအကြောင်းပြပြီး ယခုအချိန်အထိ ဆွေးနွေးခဲ့ပြီး သမျှကို ပြန်၍ သုံးပသပ်ပြပါ။

ပုံစံအားဖြင့် မိမိကအပြီးသတ် အရောင်းအ၀ယ်တခုကို ၀ယ်သူနှင့်အတူ စာချုပ်မချုပ်မီ နောက်ဆုံးအ ကြိမ်ပြန်လှန်လေ့လာနေကြသည်ဆိုပါစို့။ သူက အခြေအနေကတော့ကောင်းပါတယ်။ ၀န်ဆောင်မှုစာချုပ်ကို ကော သဘောမတူနိုင်ဘူးလား။ အခမဲ့လေ။ ဘယ်လိုတုန်း။ သဘောတူတယ်မဟုတ်လား ဟု သူက ကမ်းလှမ်း လာသည်ဆိုပါစို့။

သူ့လှည့်ကွက်ကို ချက်ချင်းတုံ့ပြန်ပြီး “အင်း” သို့မဟုတ် “ဟင့်အင်း” အဖြေပေးလိုက်ပါက ဆုံးဖြတ်ချက် အမှားချမိဖို့အများကြီး သေချာသည်။ ထို့ကြောင့် ပွဲကြည့်စင်မြင့်ပေါ်ကကြည့်ပါ။ (တိပ်) ခွေကိုပြန်ဖွင့်ပြလိုက်ပါ။ တဖက်လူအား “ လယ်ရီရေ၊ ခင်ဗျားဘာဆိုလိုတယ်ဆိုတာ သိပ်သဘောမပေါက်ဘူး။ ခုဒီအခြေအနေအထိ ရောက်လာပုံကို ပြန်ကြည့်ရအောင်။ ခုကိစ္စကို လွန်ခဲ့တဲ့သုံးလကစခဲ့ကြတာဟုတ်တယ်နော်”

“ဟုတ်တယ်ထင်ပါရဲ့”

“ အဲ စစချင်းတုန်းက ခင်ဗျားက ၀န်ဆောင်မှုစာချုပ်ကို ခုအရောင်းအ၀ယ်ကိစ္စနှင့် သတ်သတ်စီဆွေးနွေး ချင်တယ်လို့ ပြောခဲ့တယ်မဟုတ်လား”

“ဟုတ်တော့ဟုတ်တယ်။ ဒါပေမယ့် အဲဒါနဲ့ပတ်သက်လို့ တမျိုးသဘောပေါက်ထားတယ်”

“ ကဲ ကျုပ်မှားရင်လဲ ပြင်ပေးပါနော် ခင်ဗျားနဲ့ကျုပ်နဲ့ စာချုပ်ပါတိုင်း အပိုဒ်အားလုံး အတွက် တနေ့ကပဲ အပြီးသတ်သဘောတူညီချက်ရခဲ့ပြီးသားမဟုတ်လား”

ဤအချက်ကို လယ်ရီက မည်သို့သဘောထားသည်ဖြစ်စေ၊ မိမိအဖို့ပွဲကြည့်စင်မြင့်ပေါ်ရောက်နေပြီး သူ၏နောက်ဆုံးတောင်းဆိုချက်ကိုလိုက်လျောရန် မလိုအပ်ခဲ့ပေ။ အမှန်အားဖြင့် လယ်ရီကို တိုက်စစ်မှခံစစ်သို့ အနည်းငယ်ပြောင်းသွားစေနိုင်ခဲ့ပေပြီ။

လယ်ရီ၏ နည်းဗျူဟာမျိုးမှာ မျက်လှည့်ပြသည်နှင့်တူ၏။ ပြကွက်များကို အမြန်ဆုံးလုပ်ဆောင်လိုက် သဖြင့် လက်လှည့်အကွက်ကို မမြင်လိုက်ရပေ။ တိပ်ကို ပြန်ဖွင့်သည်ဆိုခြင်းမှာ ယင်းလက်လှည့်ကွက်ကို နှောင့် နှေးသွားစေခြင်းဖြစ်၏။ မိမိသည် လှည့်ကွက်ကိုသဘောပေါက်ပြီး ယင်း၏ ထိရောက်မှုကို ခြေဖျက်ပေးနိုင်သည်။

တဖက်လူက သူ့တင်ပြချက်ပါ ချွတ်ယွင်းချက်ကို မျက်စိလျှမ်းသွားစေရန်ရည်ရွယ်၍ မိမိအားသတင်း အချက်အလက်များစွာ ပုံ၍ဖိလာပါက “အချက်အလက်တွေကများလွန်းတော့ ရှုပ်ထွေးကုန်ပြီ၊ ပြန်ကြည့်ကြဦးစို့” ဟုသူ့အားပြောပြပါ။ သို့မဟုတ် “ ခင်ဗျားစီမံကိန်းထဲပါတဲ့ အပိုဒ်တွေ တခုနဲ့တခုဘယ်လို ဆက်နေတယ်ဆိုတာ ပြန်ပြောပြပါဦး။ ကျွန်တော်တနေရာနှစ်နေရာမှာ နားမလည်လိုက်လို့” ဟုပြောပါ။ အချက်အလက်များကို အသေး စိတ်ပြန်ရှင်းပြစေသောအခါ သူ၏ တင်ပြချက်မှ အားနည်းချက်များကို ပို၍မြင်သာလာပါလိမ့်မည်။

ဆွေးနွေးပွဲကို နှေးကွေးစေသော နည်းတနည်းမှာ မှတ်စုချရေးခြင်းဖြစ်၏။ တဖက်လူပြောသမျှကိုလိုက် ရေးပြီး “ သည်းခံပါခင်ဗျာ ခုနပြောလိုက်တာလေးနားမလည်လိုက်လို့ ပြန်ပြောပေးပါအုံး” ဟုခွင့်ပန်နိုင်သည်။ စာနဲ့ ပေနဲ့ မှတ်တမ်းတခုရေးခြင်းသည်လည်း စဉ်းစားဖို့အချိန်ရစေသကဲ့သို့ တဖက်သူအား လေးလေးစားစားဆက်ဆံ ရာလည်းရောက်သည်။ အချို့က “ကျွန်တော်ကောင်းကောင်း သဘောမပေါက်ဘူးဗျ” ဟုပြောလျှင် မိမိရှော်ရာကျ မည်စိုးရိမ်ကြသည်။ အမှန်အားဖြင့် ထိုသူများသည် မေးအပ်သည့်မေးခွန်းများကိုမေးရန် ပျက်ကွက်သောကြောင့် အညာခံရဖို့လမ်းအရှိဆုံးသူတွေဖြစ်သည်။ အောင်မြင်သောဆွေးနွေးသူများက ခပ်တုံးတုံးဟု အထင်ခံရခြင်းသည် ဆွေးနွေးရာတွင်အားသာချက်တခုဖြစ်ကြောင်းသိကြသည်။ ယင်းအထင်ကြောင့် ဆွေးနွေးမှုကိုနှောင့်နှေးသွားစေ နိုင်သည်။ ရှော်သည်ဟု ဟန်ဆောင်စရာမလိုပါ။ ရှင်းလင်းချက်လုပ်ပေးရန်သာ တောင်းဆိုပါ။

ချက်ချင်းလက်ငင်းပြောစရာ စကားလုံးရှာမတွေ့သောအခါ “ ကျွန်တော်ခင်ဗျားပြောသမျှကို အသေအ ချာ သဘောမပေါက်သေးဘူး” ဟူုသော အလွတ်ကျက်စကားလုံးကို သုံးနိုင်ပါသည်။

(စ -၃) နားချိန်ယူပါ

စဉ်းစားရန်အချိန်လိုသောအခါအနားယူလိုက်ပါ။ တဦးကတိုင်ပေးပြီး နောက်တဦးကဖောက်ပေးခြင်းဖြင့် ဆွေးနွေးပွဲသည် အပြီးသတ်လို့မရအောင်ကြာလာသောအခါမျိုးတွင် နားချိန်ယူခြင်း စသည့် နှစ်ဖက်စလုံးအား စိတ်လျှော့ပြီး ပွဲကြည့်စင်မြင့်သို့သွားခွင့်ရစေ၏။ မကြာခဏနားချိန်ယူခြင်းဖြင့် ဆွေးနွေးပွဲများပို၍ အကျိုးရှိ၏။

အနားယူရန် တင်ပြခြင်းအားဖြင့် မိမိ၏ ဆုံးဖြတ်နိုင်စွမ်းမရှိမှု ပျော့ညံ့မှုအဖြစ် အဓိပါယ်ပေါက်သွားမလား ဟု စိုးရိမ်တတ်ကြ၏။ ယင်းအတွက် သဘာဝကျသော ဆင်ခြေတခုကိုရှာရန်လို၏။ “ ကျွန်တော်တို့ပြောကြတာ အတော်ကြာသွားပြီ ဆက်မပြောခင် ကော်ဖီတခွက်လောက် မြန်မြန်သောက်ကြရအောင်လား” ဟု ဆိုနိုင်သည်။ သို့မဟုတ် “ ဒီဟာအတော်ကောင်းတဲ့ မေးခွန်းပါပဲ။ ကျွန်တော်အဖြေသွားရှာပြီး ချက်ခြင်းပြန်လာခဲ့ပါ့မယ်” ဟု လည်းပြောနိုင်သည်။ လွယ်ကူသော ဆင်ခြေတခုသည် များစွာအထောက်အကူဖြစ်စေပါသည်။

အကောင်းဆုံးဆင်ခြေမှာ မိမိ၏ ဆွေးနွေးဖေါ် (အဖွဲ့သား) များနှင့် ဆွေးနွေးပွဲပြုလုပ်ရန်ဖြစ်သည်။ ယင်း မှာ မကောင်းသောအကြံဖြင့် ပြုလုပ်ခြင်းဖြစ်သည်ဟု တဖက်က ထင်မြင်စရာရှိသော်လည်း လုံးဝတရားဝင်သော ကိစ္စဖြစ်သည်။ တဖက်လူက တင်ပြချက်တခု သို့မဟုတ် အချက်အလက်အသစ်များကို ပေးလာသောအခါ မိမိ သည်လည်း ဆွေးနွေးဖေါ်များနှင့်တိုင်ပင်ရန်လိုအပ်လာသည်။ မိမိက ကားတစီး ၀ယ်ရန်ရှိသောအခါ တိုက်တွန်း နေသော ပွဲစားအား “ ဆုံးဖြတ်ချက်မချခင် ကျွန်တော့မိန်းမနဲ့ ခေတ္တခဏလောက် တိုင်ပင်ချင်တယ်။ ဒီရပ်ကွက် ကိုတပတ်လောက်ပတ်ပြီး လမ်းလျှောက်လိုက်အုံးမယ်၊ နာရီဝက်ကြာရင်ပြန်လာပါ့မယ်” ဟုပြောပြပါ။ ဆွေးနွေး ရာတွင် တယောက်တည်းဖြစ်နေသောအခါ လုပ်ဖေါ်ကိုင်ဖက်၊ မိမိ၏ ဆရာ သို့မဟုတ် မိတ်ဆွေတယောက် ယောက်နှင့် ဖုန်းဖြင့်ဆက်သွယ်ဆွေးနွေးပါ။

အခန်းမှ ထွက်ရန်မဖြစ်သောအခါ အဖြစ်အပျက်တခု သို့မဟုတ် ရယ်စရာတခုပြောခြင်းဖြင့် ဆွေးနွေးပွဲ ကို ခေတ္တလမ်းပြောင်းပေးလိုက်ပါ။ သမဂ္ဂအမှုဆောင်တယောက်သည် သူငါးမျှားခရီးထွက်စဉ်က ရိုက်ထားသော ဓါတ်ပုံများကို အိပ်ထဲမှာဆောင်ထားပြီး ဆွေးနွေးပွဲတင်းမာလာချိန်တွင် ယင်းတို့ကို စားပွဲပေါ်သို့ပြစ်တင်တတ် သည်။ ထိုအခါ ဆွေးနွေးဖက်အားလုံးလည်း သူတို့အတွေ့အကြုံစွန့်စားခန်းများ အကြောင်းပြောကြလေတော့ သည်။ ဆွေးနွေးပွဲပြန်စသောအခါ တင်းမာမှုလျှော့နေလေပြီ။

ဆွေးနွေးပွဲတွင် အနားယူနည်းတနည်းမှာ ဆွေးနွေးဖော်တယောက်ကို အတူခေါ်လာခြင်းဖြစ်သည်။ ဤ နည်းအားဖြင့် တယောက်ကို တယောက်အထောက်အကူပြုပေးနိုင်သည်။ တယောက်ကစကားဆိုနေစဉ် နောက် တယောက်က ပွဲကြည့်စင်မြင့်ပေါ်တက်ပြီး အခြေအနေကိုစောင့်ကြည့်နိုင်သည်။ ပြန်ပေးသမားတယောက် ယောက်နှင့်အရေးဆိုသောအခါ ရဲများသည် ပါတနာတယောက်နှင့်ပူးပေါင်း ဆောင်ရွက်လေ့ရှိသော ဝေဖန်ချက် များပေး၏။ မတုံ့ပြန်စေရန်ကြိုးပမ်းပေး၏။ ရဲတို့မောပန်းလာကြသောအခါ သူတို့ကိုယ်စား တာဝန်ယူပေး၏။

(စ - ၄) တထိုင်တည်းနှင့် အရေးကြီးသော ဆုံးဖြတ်ချက်များ မချပါနဲ့

တဖက်လူ၏ ရှေ့မှောက်တွင် သဘောတူညီချက်ပေးလိုက်ရန် စိတ်ဓာတ်ရေးရာအရ အင်အားကြီးစွာ ဖိအားပေးခြင်းခံနေရပြီဆိုပါစို့။ ထိုအခါမျိုးတွင် အမှားကင်းစေသော လက်သုံးနည်းမှာ အရေးကြီးသောဆုံးဖြတ် ချက်တခုကို တထိုင်တည်းနှင့် မချမိရန်ဖြစ်သည်။ ထိုအခါမျိုးတွင် ပွဲကြည့်စင်မြင့်ပေါ်သို့တက်သွားလိုက်ပြီး အဲဒီမှာ ဆုံးဖြတ်ပါ။

တဖက်လူက စာချုပ်တခုကိုထိုးပေးပြီးအမြန်လက်မှတ်ထိုးပေးရန် တောင်းဆိုလာသောအခါ “ ကျွန် တော့်ရှေ့နေက အားလုံးကို သူကိုယ်တိုင်ပြန်ပြီးစစ်ဆေးရမှ ကျေနပ်တယ်။ ရှေ့နေတွေအကြောင်း ခင်ဗျားသိ သားပဲ” ဟုပြောနိုင်သည်။ သို့မဟုတ် “ခင်ဗျား ဒီစာချုပ်အတွက် အများကြီးအချိန်တွေ အကြံဥာဏ်တွေယူခဲ့ရ မယ်ထင်တယ်” ဟုမေးလိုက်ပါ။ သူက ခေါင်းညိတ်လျှင် “ ဒီတော့ကျွန်တော်ကလဲ အဲဒီလိုပဲ အချိန်တွေ အကြံ ဥာဏ်တွေယူပြီးသုံးသပ်မှ တရားမျှတမှာပေါ့” ဟုဆက်ပြောပါ။ စာချုပ်ကိုခေါက်၍ သိမ်းလိုက်ပြီးနောက် “ကျွန် တော် မနက်ဖြန်လာခဲ့မယ်” ဟုအဆုံးသတ်လိုက်ပါ။

ကြိုတင်ချထားပြီးသား ဆုံးဖြတ်ချက်တခုကို ဆိုင်းထားလိုက်ခြင်းမှာ အများအားဖြင့် မှန်ကန်သော်လည်း အမြဲတမ်းဖြစ်နိုင်သည်မဟုတ်ပေ။ ဆုံးဖြတ်ချက်ကို အမြန်ပေးရန်လိုအပ်သောအခါ တဖက်လူအား “ ကျွန်တော် အချိန်ဆွဲမထားချင်ပါဘူး။ ကျွန်တော့ဌာနကို တယ်လီဖုန်းခဏလောက်ဆက်ပါရစေ။ အဲဒါခွင့်ပြုပါ။ ကျွန်တော် ချက်ချင်းပြန်လာပါ့မယ်” ဟုပြောပြပါ။ အပြင်ဘက်သို့ ခေတ္တကလေးမျှ ထွက်လိုက်ရလျှင်ပင် အထောက်အကူ အများကြီးရနိုင်ပါသည်။ စကားဝိုင်းမှဝေးရာသို့ (၀ါ) ပွဲကြည့်စင်ပေါ်သို့ရောက်လျှင် စိတ်ဓာတ်ရေးရာဖိစီးမှု လျှော့ သွားလိမ့်မည်။ ဆုံးဖြတ်ချက်ချရန် အပူတပြင်းလိုအပ်သည်ဟုလည်း မထင်ရတော့ပေ။ ကနဦးတုံ့ပြန်မှုကို စွန့်ပယ် ပြီးပြီဖြစ်သဖြင့် ဆုံးဖြတ်ချက်ကို ဓမ္မဓိဌာန်ကျကျ ကြည့်မြင်နိုင်လိမ့်မည်။

တဖက်လူက တက်သုတ်ရိုက်ခိုင်းခြင်းကို လက်မခံပါနှင့် သူကအချိန်ကန့်သတ်မှုပြုလာသောအခါ ယင်း သဘောထားမှန်မမှန် စမ်းသပ်ရန် ဆွေးနွေးပွဲကို ရွှေ့ဆိုင်းခိုင်းလိုက်လျှင် အဖြေမှန်ထွက်လာပါလိမ့်မည်။ စာချုပ် ဆိုသည်မှာ မိမိ၏ သဘောတူညီမှုလိုအပ်သည်ကို အမြဲသတိရပါ။ အမြန်တုံ့ပြန်ခြင်းသည် အကြီးဆုံးအမှားဖြစ်နိုင် သည်။ မိမိနောင်ခါတွင် စိတ်ဆင်းရဲရမည့် အလျှော့ပေးချက်ကို မိမိကသာလုပ်နိုင်ပါသည်။

1 comments:

မေအိခင် (လယ်ဝေး) said...

ပြန်လည်တင်ပြပေးတဲ့အတွက်ကျေးဇူးပါ ။ ပါတီမှာ စကားဝိုင်း တွေ နဲ့ ဆွေးနွေးဖြစ်ခဲ့ပေမဲ့ မမှတ်မိတဲ့စာသား
တွေ ၇ှိနေတဲ့အတွက် ကူးယူထားပါတယ် လက်ဆင့်ကမ်းဖေါ်ပြဖို့ လည်းရည်ရွယ်ထားပါတယ် ။။
အိရွှေစင်ညွှန့် 