Monday, November 30, 2009

သက်သေလိုက်ပါသူများနှင့်မြန်မာပြည်ဥပဒေ

သက်သေလိုက်ပါသူများနှင့် မြန်မာနိုင်ငံတရားဥပဒေ

၁၈.၁၁.၂၀၀၉ ရက်နေ့တွင် လွတ်လပ်တဲ့အာရှအသံသတင်းဌာန အင်တာနက်စာမျက်နှာမှ သတင်းတစ်ပုဒ်ဖတ် လိုက်ရသည်။ ရုံးထုတ်လာသော အရှင်ဆန္ဒဓိက ကို ဧည့်တွေ့ခွင့်မပြုသော သတင်းပင်ဖြစ်သည်။ အရှင်ဆန္ဒာဓိက သည် သက်တော် (၃၆) နှစ်ရှိပြီဖြစ်ကာ ပဲခူးမြို့ လေးကျွန်းမဏ္ဍိုင်ကျောင်းတိုက်တွင် သီတင်းသုံးနေထိုင်တော် မူသော ဦးဇင်းတစ်ပါးဖြစ်ကြောင်းလည်းသိရှိရသည်။

အမှုဖြစ်စဉ်အကျဉ်းအနေဖြင့် လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်အားနေအိမ်အကျယ်ချုပ်စည်းကမ်း ဖောက်ဖျက်သည်ဟူသောစွပ်စွဲချက်ဖြင့် အင်းစိန်အကျဉ်းထောင်တွင်း အထူးတရားရုံးမှအမိန့်ချမှတ်လိုက်သည့် အချိန်တွင် အင်းစိန်အကျဉ်းထောင်ရှေ့သို့ အရှင်ဆန္ဒာဓိက ရောက်ရှိခဲ့ပြီးနောက်ပိုင်း၊ အမှု၏ အခြေအနေအဖြစ် အပျက်များကို သိရှိလိုသဖြင့် ရွှေဂုံတိုင်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဌာနချုပ်ရုံးသို့ ၀င်ရောက်မေးမြန်းစုံစမ်းပြီး သည့်နောက်ပိုင်း အပြန်တွင် လမ်းခရီး၌ အဖမ်းခံရခြင်းဖြစ်ကြောင်းသိရှိရပါသည်။

ထိုသို့ဖမ်းဆီးထိန်းသိမ်းပြီးနောက်ပိုင်းတွင် အရှင်ဆန္ဒာဓိကကို သာသနာတော်ညှိုးနွမ်းအောင်ပြုလုပ်သည်ဟူသော စွပ်စွဲချက်ဖြင့် ဗဟန်းမြို့နယ်တရားရုံးတွင် တရားစွဲဆို စစ်ဆေးစီရင်လျက်ရှိကြောင်းနှင့် ၁၇.၁၁.၂၀၀၉ ရက်နေ့ ရုံးထုတ်သည့်နေ့တွင်မူ ဧည့်တွေ့ခွင့်ပိတ်ပင်ထားကြောင်းလည်းသိရှိရသည်။

ရေးသားတင်ပြလိုသောပြဿနာမှာ အရှင်ဆန္ဒာဓိကကို သာသနာတော် ညှိုးနွမ်းအောင်ပြုလုပ်သည်ဟူသောစွပ်စွဲ ချက်ပင်ဖြစ်သည်။ “ လူတစားကိုးကွယ်သည့် ဘာသာ သာသနာကိုဖြစ်စေ၊ ဘာသာ သာသနာရေးယုံကြည်မှုကို ဖြစ်စေ၊ စော်ကားခြင်းဖြင့်၊ ထိုလူတစား၏ ကိုးကွယ်ရာ ဘာသာရေးစိတ်ဓာတ်ကို နာကြည်းစေရန်ကြံရွယ်၍ မသ မာစိတ်ဖြင့် တမင်ကျူးလွန်သော ပြုလုပ်မှု ” ဟူ၍ ပြစ်မှုဆိုင်ရာဥပဒေတွင် အကျဉ်းအားဖြင့် အဓိပာယ်ဖွံ့ဆိုထား သည်။

“ ပြည်ထောင်စု နိုင်ငံတော်တွင် နေထိုင်သော လူတစား၏ ဘာသာရေးစိတ်ကိုနာကြည်းစေရန်တမင် မ သမာသော အကြံဖြင့်မည်သူမဆို၊ စကားဖြင့်ဖြစ်စေ၊ စာဖြင့်ဖြစ်စေ၊ ထင်ရှားသောပုံသဏ္ဍာန်ဖြင့်ဖြင့်ဖြစ်စေ၊ ထိုလူ တစားကိုးကွယ်သည့်ဘာသာ သာသနာကိုသော်၎င်း၊ ဘာသာသာသနာရေးယုံကြည်မှုကိုသော်၎င်း၊ စော်ကား လျှင်၊ သို့တည်းမဟုတ် စော်ကားရန်အားထုတ်လျှင်၊ ထိုသူကို နှစ်နှစ်ထိ ထောင်ဒဏ်တမျိုးမျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ် စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည် ” ဟု အကျယ်အားဖြင့်ပြဌာန်းထားပါသည်။

ထိုပြစ်မှုပုဒ်မဖြင့်တရားစွဲဆိုနိုင်ရန်အတွက် အောက်ပါ ပြစ်မှုအင်္ဂါရပ်များလိုအပ်မည်ဖြစ်သည်။

၁။ လူတစား ကိုးကွယ်သည့်ဘာသာရေးစိတ်ကို သို့မဟုတ် ဘာသာရေးယုံကြည်မှုကို

၂။ လူတစ်ဦးတစ်ယောက်က

၃။ မသမာသောအကြံအစည်ဖြင့်၊ (တမင်ရည်ရွယ်ချက်ဖြင့်)

၎။ စာဖြင့်ဖြစ်စေ၊ ပုံသဏ္ဍာန်ဖြင့်ဖြစ်စေ၊ စကားဖြင့်ဖြစ်စေ

၅။ စော်ကားလျှင်(သို့မဟုတ်) စော်ကားရန်အားထုတ်လျှင်

အထက်ဖေါ်ပြပါ ပြစ်မှုအင်္ဂါရပ်များဖြင့် ပြည့်စုံရမည်ဖြစ်သည်။

မည်သည့်ပြစ်မှုတွင်မဆို စွပ်စွဲခံရသူအနေဖြင့် မည်သည့်ပြစ်မှုကို မည်သို့မည်ပုံကျူးလွန်ကြောင်း၊ ထင်ထင်ရှားရှား စွပ်စွဲနိုင်သည်အထိ သက်သေထင်ရှားတင်ပြရန်တာဝန်မှာ တရားလို၏တာဝန်ဖြစ်သည်။တရားလိုအနေဖြင့် ထိုကဲ့ သို့သက်သေထင်ရှားတင်ပြနိုင်ခြင်းမရှိလျှင် ကနဦးကပင် အမှုပျက်ပြယ်နေပြီဖြစ်သည်။ အရှင်ဆန္ဒာဓိက၏ အမှုကိုလေ့လာသုံးသပ်ရပါလျှင်၊ မသမာသောအကြံအစည်ဖြင့်(တမင်ရည်ရွယ်ချက်ဖြင့်) မရှိကြောင်းထင်ရှားမည် ဖြစ်သကဲ့သို့ လူတစားကိုးကွယ်သည့်ဘာသာရေးယုံကြည်မှုကို စော်ကားရာလည်းမရောက်ကြောင်းထင်ရှားလှ သည်။ ထို့ကြောင့် အမှုသည် ကနဦးကပင်ပျက်ပြယ်နေသောအမှုဖြစ်သည်။

သို့ရာတွင် အမှုအခြေအနေအရ စွဲချက်တင်ပြီးသည့်အဆင့်သို့ရောက်ရှိနေသည်မှာ အကြောင်းချင်းရာပြဿနာ အားဖြင့် မှားယွင်းနေကြောင်းအထင်အရှားပေါ်ပေါက်လျက်ရှိသည်။

ထိုသို့ရုံးထုတ်စစ်ဆေးစီရင်ရာတွင် သံဃာတော်အများစုမှာ လွန်စွာဒုက္ခရောက်ကြရသည်။ အကြောင်းမှာ သံဃာ တော်အများစုမှာ လောကီလူ့ဘောင်ကို စွန့်ခဲ့ပြီးဖြစ်သည့်အတွက် လောကီရေးရာမှုခင်းကိစ္စရပ်များနှင့်ရင်ဆိုင်ကြုံ တွေ့ကြရသောအခါများတွင် လိုက်ပါကူညီမည့် မိသားစုဆွေမျိုးဟူ၍ လွန်စွာရှားပါးကြပေသည်။ ဆရာတော်၊ သံဃာတော်များကိုယ်တိုင်လည်း လောကီလူ့ဘောင်ကိစ္စရပ်များကို အကျွမ်းတ၀င်မရှိကြသောကြောင့် မည်သို့ မည်ပုံ လုပ်ကိုင်ဆောင်ရွက်ကြရမည်ကို သိနားလည်ခြင်းမရှိကြပေ။

ထို့ကြောင့် စက်တင်ဘာ ရွှေဝါရောင်သံဃာ့လှုပ်ရှားမှုကြီးအပြီးတွင် လူမသိသူမသိဖြင့် ပြစ်ဒဏ်စီရင်ခြင်းခံခဲ့ကြရ သော ဆရာတော်၊ သံဃာတော်များ မြန်မာနိုင်ငံအကျဉ်းထောင်များထဲတွင် အကျဉ်းကျခံနေကြရမည်မှာ မြေကြီး လက်ခတ်မလွဲပင်ဖြစ်သည်။

မည်သူမဆို အမှုတစ်ခုနှင့်ရင်ဆိုင်နေကြရသည့်အချိန်၊ ရုံးထုတ်သည့်အချိန်တွင်လည်း၊ မိသားစု၏ ကူညီပံ့ပိုးမှု မြောက်များစွာကိုလိုအပ်မည်ဖြစ်သည်။ ဥပမာအားဖြင့် အမှုတွင်လိုက်ပါဆောင်ရွက်ပေးမည့် ရှေ့နေ၊ ရှေ့ရပ်များ ငှားရမ်းခွင့်ရရေးကိစ္စ၊ လိုအပ်သည့်အသုံးအဆောင်ပစ္စည်းများစီစဉ်ဖြေရှင်းပေးရေးကိစ္စ၊ အစားအသောက်နှင့်ဆေး ၀ါးများ စီစဉ်ဖြေရှင်းပေးရေးကိစ္စများ စသည်တို့ဖြစ်ကြသည်။

ထိုကဲ့သို့သောရေးရာကိစ္စများကို ဖြေရှင်းရန်ကိစ္စများမှာ မိသားစု( သို့မဟုတ် ) ဆွေမျိုးသားချင်းများနှင့်အဆက် အသွယ်မရရှာသော ရဟန်းသံဃာတော်များအနေဖြင့် ကြီးစွာသော ဒုက္ခ အခက်အခဲများကို ရင်ဆိုင်ကြရမည်မှာ အမှန်ပင်ဖြစ်ပါသည်။ အကျဉ်းစခန်း သို့မဟုတ် အချုပ်ခန်းစောင့်သော ၀န်ထမ်းများအနေဖြင့် ဗုဒ္ဒဘာသာဝင်များ ဖြစ်ကြသည်ဟု မည်သို့ပင်ဆိုစေကာမူ နိုင်ငံရေးအမှုအခင်းများ၊ အစိုးရကိုယ်တိုင်က အထူးအမှုအခင်းဖြစ်သည်ဟု သတ်မှတ်ထားသည့်အမှုများ၊ ၄င်းတို့၏ အထက်အရာရှိများက အမိန့်တစုံတရာထုတ်ပြန်ထားသော အမှုများဖြစ် နေသည့်အတွက် အစားအသောက်ကိုသော်လည်းကောင်း၊ အ၀တ်အစားကိုသော်လည်းကောင်း၊ အခြားလိုအပ် သည့် အကူအညီတစုံတရာကိုသော်လည်းကောင်း ကူညီဖြေရှင်းပေးနိုင်ကြမည်မဟုတ်ပါ။

ထို့ကြောင့်ထိုကဲ့သို့ရဟန်းသံဃာတော်များကို ရုံးထုတ်စစ်ဆေးစီရင်သည့်အချိန်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ဝင်များနှင့် အခြားသော ဒီမိုကရေစီအင်အားစုများက တရားရုံးများသို့သွားရောက်ကာ ဆွမ်း၊ ကွမ်း စသည်တို့ ဆက်ကပ်လှူဒါန်းခြင်း၊ အခြားဝေယျာဝိစ္စများကို ဖြည့်ဆည်းပေးခြင်းအားဖြင့် ကုသိုသ်ပြုကြရပေသည်။

သို့ရာတွင် အာဏာပိုင်များအနေဖြင့် နိုင်ငံရေးနှင့်သက်ဆိုင်သည့်အမှုများနှင့် နိုင်ငံရေးအမှုများတွင် ထိုကဲ့သို့ စွပ်စွဲ ခံရသူများဘက်မှ ရရှိရမည့် သေးငယ်လှသည့်အခွင့်အရေးကလေးကိုပင် လိုက်ပါပိတ်ပင်လျက်ရှိကြောင်းကို အရှင်ဆန္ဒာဓိက ကို တရားရုံးအချုပ်၌ ဧည့်တွေ့ခွင့်မပေးခြင်းက အထင်အရှားသက်သေပြလျက်ရှိနေပေသည်။

ထို့ပြင်တဆက်တည်းဆိုသလို အရှင်ဆန္ဒာဓိက၏ဘက်မှ သက်သေလိုက်ပါထွက်ဆိုနိုင်ရန်တင်ပြထားသည့် စွပ်စွဲ ခံရသူဘက်ပြ သက်သေ (၂) ဦးရှိကြောင်းလည်းသိရှိရကာ၊ ထိုသက်သေနှစ်ဦးကို နယ်မြေခံထောက်လှမ်းရေး များက အကျပ်ကိုင်ဖိအားပေးခြင်းများ၊ ခြိမ်းခြောက်ခြင်းများပြုလုပ်သည့်အတွက် တရားရုံးသို့လာရောက်သက် သေထွက်ဆိုကြရန် စိုးရိမ်ကြောက်ရွံ့လျက်ရှိနေကြကြောင်းသိရှိရသည်။

မြန်မာနိုင်ငံတွင် နိုင်ငံရေးအမှုများတွင် စွပ်စွဲခံရသူများဘက်မှ လိုက်ပါဆောင်ရွက်ချင်ကြသည့်သက်သေအ မြောက်အများရှိကြသော်လည်း၊ ထိုသို့ သက်သေအဖြစ်လိုက်ပါဆောင်ရွက်မည့်သူများ၏ လုံခြုံရေးကိုသော်လည်း ကောင်း၊ လုပ်ကိုင်စားသောက်လျက်ရှိသည့် စီးပွားရေးလုပ်ငန်းများကိုသော်လည်းကောင်း၊ အကျပ်ကိုင်ဖိအားပေး ခြိမ်းခြောက်မှုများရှိနေသည့်အတွက်၊ များသောအားဖြင့် နိုင်ငံရေးအမှုများတွင် စွပ်စွဲခံရသူများဘက်မှ သက်သေ များတင်ပြထားနိုင်ခြင်းမရှိဘဲ ဖြစ်ကြရသည်။

သက်သေလိုက်ပါဆောင်ရွက်မှုနှင့်စပ်လျဉ်းပါက သက်သေလိုက်ပါဆောင်ရွက်သူများ၏ လုံခြုံရေးကိုသော်လည်း ကောင်း၊ အကျပ်ကိုင်ဖိအားပေးခြင်းများကိုသော်လည်းကောင်း ကာကွယ်စောင့်ရှောက်ပေးနိုင်ခြင်းမရှိကြသည်မှာ တရားဥပဒေပိုင်းဆိုင်ရာ အားနည်းချက်ပင်ဖြစ်သည်။ ထိုကဲ့သို့ ခြိမ်းခြောက်ခြင်း၊ အကျပ်ကိုင်ဖိအားပေးခြင်း၊ စသည်တို့ကို ကျူးလွန်ကြသူအများစုမှာလည်း အစိုးရ၀န်ထမ်းများနှင့် အစိုးရနှင့်တိုက်ရိုက်သက်ဆိုင်သူများဖြစ် နေကြသည့်အတွက် ပို၍သက်သေများ၏ အခွင့်အရေးများကို ကာကွယ်မပေးနိုင်ဘဲဖြစ်ကြရသည်။

နောက်ဆက်တွဲအကျိုးဆက်များအနေဖြင့် နိုင်ငံရေးအမှုများတွင် တရားရုံးတော်များအနေဖြင့် စွပ်စွဲသူ (တရားလို) ဘက်မှတင်ပြသည့် သက်သေခံချက်များ၊ သက်သေအထောက်အထားများကိုသာ အလေးပေးစဉ်းစားကြပြီး၊ စီရင်ဆုံဖြတ်ကြသည့်အတွက် အမှန်တရားကို စီရင်ဆုံးဖြတ်ပါသည်ဟု၍ မှတ်ယူနိုင်ရန်ခဲယဉ်းမည်ဖြစ်သကဲ့သို့ တရားစီရင်ရေးမဏ္ဍိုင် တိမ်းစောင်းမှုကိုလည်းကြီးစွာဖြစ်ပေါ်လာပေမည်ဖြစ်ပေတော့သည်။

0 comments: